မျက်နှာစာအုပ်ပေါ်ဝယ်

11

Category:

လွန်ခဲ့တဲ့သုံးနှစ်က ခင်မင်ရတဲ့ သူငယ်ချင်းတစ်ယောက်က ဖိတ်တာနဲ့ facebook လို့ခေါ်တဲ့ မျက်နှာစာအုပ်ရဲ့ အသင်းဝင်ဖြစ်သွားပါတယ်။ တကယ်တော့ အဲဒီအချိန်တုန်းက friendster ခေါ် မိတ်ဆွေကွန်ယက်မှာ  ဟိုသွားဒီလည်၊ ဓာတ်ပုံတွေတင်နဲ့ တော်တော်လေး အလုပ်များနေခဲ့တာ။ friendster မှာပဲ သုံးနေကျဖြစ်လို့ မျက်နှာစာအုပ်မှာ အသင်းဝင်ထားပါသော်လည်း တော်တော်နဲ့ active မဖြစ်ပါဘူး။ စစချင်း used to မဖြစ်သေးတာလည်းပါတယ်။ နောက်ခြောက်လလောက်နေမှ သူငယ်ချင်းရဲ့ သူငယ်ချင်းစာရင်းက တစ်ဆင့် နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ အတန်းဖော်ငယ်သူငယ်ချင်း အိမ်နီးနားချင်းမိတ်ဆွေတွေနဲ့ ပြန်ဆုံတွေ့ပြီးနောက်ပိုင်း မကြာခဏ ၀င်ကြည့်ဖြစ်ရင်းမှပဲ တဖြည်းဖြည်း အကျွမ်းဝင်လာခဲ့ပါတယ်။

ငယ်သူငယ်ချင်းတွေ ပြန်တွေ့လို့က အရင်ဆုံး relationship status ကို ကြည့်ရတာ။ ဘယ်သူကဖြင့် အိမ်ထောင်ကျသွားပြီ။ ဘယ်သူက ကလေးဘယ်နှစ်ယောက်ရနေပြီ။ ဟယ် ... သူက သူ့ရည်းစားနဲ့ မယူဖြစ်ဘဲ တစ်ခြားတစ်ယောက်နဲ့ ရသွားတာ။ အော်... သူက ခုချိန်ထိ အပျိုကြီးပဲ။ ဟိုတစ်ယောက်ကတော့ သူ့ရည်းစားနဲ့ ခုထိ မယူဖြစ်သေးဘူး။ တစ်ယောက်ကဖြင့် ဘယ်နိုင်ငံမှာ ဘယ်လိုအခြေကျနေတာ။ ဟဲ့... သူယောက်ျားက သူ့ထက် အသက်အများကြီး ကြီးတယ် သိလား... စသဖြင့်... တစ်ယောက်နဲ့ အဆက်အသွယ်ပြန်ရတိုင်း ကိုယ်ကကြည့်ပြီး သူငယ်ချင်းတွေကို ပြန်ပြောရသေးတာ။ တစ်ယောက်မင်္ဂလာဆောင်တိုင်း ဓာတ်ပုံတွေကြည့်ရ၊ အားကျရတာလည်း အမော။ ကလေးမွေးတော့လည်း မွေးတဲ့အလျောက် ကြည့်ရသေး။ အဖေတူလား၊ အမေတူလား၊ အသားဖြူသလား၊ ညိုသလား၊ ချောလား၊ ချစ်စရာကောင်းလား... ကိုယ့်မှာ မရှိတော့ သူများကလေးတွေပဲ လိုက်ကြည့်ရတာပေါ့လေ။

နောက်ပိုင်း အပျင်းပြေဆော့စရာ၊ မေးခွန်းဖြေစရာ application တွေ ပေါ်လာတော့ အဲဒီ့နောက် လိုက်သွားမိပြန်ရော။ Quiz တွေ ဖြေကြည့်ရတာ တစ်နေ့တစ်နေ့ မေးခွန်းပေါင်း မနည်းဘူး။ လက်ဆောင်တွေလည်း အပြန်အလှန်ပို့ကြတာ ပျော်စရာတစ်မျိုးပါပဲ။ နောက် သူငယ်ချင်းတစ်ယောက်ပြောလို့ လယ်စိုက်တာ အစွဲကြီးစွဲသွားလို့ တစ်နေ့တစ်နေ့ လယ်စိုက်ရတာ အပြင်မှာ အလုပ်လုပ်ရတာထက်တောင် ပိုပင်ပန်းသေး။ လူ့လောဘကြောက်စရာကောင်းလိုက်ပုံများ တကယ်မဟုတ်တဲ့ ကွန်ပျူတာစကရင်ပေါ်က လယ်ကွက်ကိုတောင် အသာမပေးဘဲ တိုးပွားအောင်၊ အိမ်ကြီးရခိုင် ပိုင်ဆိုင်အောင် ကြိုးစားရိတ်သိမ်းပြီး သူများဆီမှာ သူရင်းငှားတောင် ကျေကျေနပ်နပ် လုပ်လိုက်သေးတာ အံ့ရော။ တစ်ခါကများဆို ပိုက်ဆံတွေအပိုရချင် အိမ်ဝယ်ချင်လွန်းလို့ သူများလယ်အငှားသွားရိတ်တာ နာရီနဲ့ချီအောင် ကြာသွားပြီး ပြန်ထမှ ခါးတွေညောင်း၊ မျက်စိတွေကိုက်ပြီး ဆီးပါအောင့်သွားလို့ ... သြော်... အပြင်မှာ ငါအဲသလောက် အလုပ်ကြိုးစားရင်တော့လား...ဆိုပြီး တွေးလိုက်မိသေး။ ကိုယ်သင်ပေးလိုက်လို့ ကိုယ့်စီနီယာပါ စွဲသွားပြီး နောက်ပိုင်း သူက လယ်စိုက်ရုံတင်မကဘဲ ဆိုင်ဖွင့် ဟင်းချက်၊ အကောင်တွေမွေးနဲ့ ကိုယ့်ထက် သာသွားတယ်။ ကိုယ်က အိမ်တစ်လုံးပိုင်ဆိုင်ပြီးနောက်ပိုင်း ကစားတာတွေ ရပ်လိုက်ပြီး ပုံမှန်ပဲ ဆက်သုံးဖြစ်တယ်။

မွေးနေ့ဆုတောင်းတာ၊ အိမ်တက်ဖိတ်တာ၊ သတင်းတွေ မျှဝေတာ ကိစ္စအတော်များများကို မျက်နှာစာအုပ်ကနေ တွင်တွင်ကျယ်ကျယ် သုံးလာကြတာ။ တစ်ခုခုဆို အရင်တုန်းကလို ဖုန်းမက်ဆေခ်ျ့ကထက် မျက်နှာစာအုပ်ကနေပဲ ဆက်သွယ်ပြောဆိုကြတာ ပိုများတယ်။ ကိုယ်ပျော်နေလား၊ ၀မ်းနည်းနေလား၊ နေမကောင်းဘူးလား၊  စိတ်ဆိုးနေလား၊ ပင်ပန်းနေလား..  ခံစားချက် အကုန်အစုံ လွယ်လွယ်ကူကူ သိမြင်နိုင်တဲ့ နေရာတစ်ခုဖြစ်တော့  တစ်ခုခု ရေးမိလိုက်တယ် ဆိုရင်ပဲ တစ်ယောက်မဟုတ် တစ်ယောက်က လာပြီး မေးမြန်းကြ နှစ်သိမ့်အားပေးကြနဲ့ မျက်နှာစာအုပ်က  ကိုယ်တွေရဲ့ daily life မှာ အတော့်ကို အရေးပါလာတာပါလား။

ကိုယ့်မှာရှိတဲ့ သူငယ်ချင်းစာရင်းကြည့်လိုက်ရင် သုံးပုံနှစ်ပုံလောက်က အတန်းဖော်ငယ်သူငယ်ချင်းတွေနဲ့  စင်္ကာပူ ရောက်ပြီးနောက်ပိုင်း ခင်မင်ရတဲ့ သူငယ်ချင်းတွေ များပါတယ်။ Professional အရ ကြည့်လိုက်တော့ ဆရာဝန်တွေ များတယ်။  များဆို အတန်းဖော်သူငယ်ချင်းတွေ တော်တော်များများက ဆေးကျောင်းရောက်ကြတာကိုး။ ကျန်တာတော့ celebrity အနည်းငယ်၊ မိတ်ဆွေတစ်ချို့နဲ့  ဘလော့ဂါမိတ်ဆွေအချို့ပါ။ ကိုယ်က နာမည်ရင်းနဲ့ပဲ ဖွင့်ထားသူဆိုတော့ သိတဲ့သူလည်းသိ၊ မသိသေးတဲ့လူလည်း မသိပေါ့။ သူများတွေက ဘလော့ဂါအနေနဲ့ရော၊ အမည်ရင်းအနေနဲ့ပါ အကောင့်နှစ်ခုတောင် ထားကြတာ။ အမှန်အတိုင်းပြောရရင် ကိုယ်လည်း true identity နဲ့ blogger identity ကို သီးခြားဖြစ်ချင်တာ။ ဘလော့ဂ်နာမည်နဲ့ အကောင့်တစ်ခု ထပ်ယူရင်ကောင်းမလား တွေးမိသေးပေမယ့် နောက်ထပ်  handle မလုပ်နိုင်တော့တာ၊ မလုပ်ချင်တော့တာနဲ့ မဖွင့်ဖြစ်တော့ပါဘူး။ တစ်ချို့က ဘလော့ဂ်မှာ စာဆက်မရေး ဖြစ်တော့ပေမယ့် မျက်နှာစာအုပ်မှာ active ဖြစ်နေတော့ အဆက်အသွယ် ပြတ်မနေဘူးပေါ့။

ရုံးပိတ်ရက်ရောက်ရင် ဘယ်သူက ဘာချက်ပြီးကျွေးဦး.. အဲလေ.. တဂ်ဦးမှာလဲ မျှော်ရသေးတယ်။ ဘောလုံးပွဲ ရာသီချိန်မှာတော့ ကိုယ့်အကြိုက် သူ့အကြိုက် အသင်းတွေ အပြန်အလှန် အားပေးကြ၊  ဂျာစီလေးတွေ ၀တ်ကြ၊ နိုင်ရင်ပျော်ကြ၊ ရှုံးရင်ဝမ်းနည်းကြ၊ တောက်တွေခေါက်ကြနဲ့။ ပွဲမစခင်တစ်ခါ၊ ပထမပိုင်းပြီးချိန်တစ်ခါ status ကို ရေးရ တင်ရ update လုပ်ရ။ ပွဲပြီးတာနဲ့ မျက်နှာစာအုပ်ထဲ ချက်ခြင်းဝင်ပြီး ဘယ်လိုဘယ်ဝါ ကိုယ့်အမြင် သူ့အမြင် ဖလှယ်ပြီး ကျေပွဲ၊ မကျေပွဲကို မျက်နှာစာအုပ်မှာ ထပ်နွှဲလိုက်သေးတာ။ နိုင်ငံအသီးသီးက တစ်ချိန်တည်း၊ တပြိုင်နက်တည်း ခံစားချက်တွေ ဖလှယ်ခွင့်ရတာ မျက်နှာစာအုပ်ပေါ်မှာပေါ့။

ညစဉ် ဂျီမေးလ်၊ မျက်နှာစာအုပ်နဲ့ ဘလော့ဂ်မှာအချိန်တွေ ကုန်သွားတတ်တဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီးဆင်ခြင်ကြည့်တယ်။ တကယ်ဆို ကိုယ့်မှာ တစ်ခြားလုပ်စရာတွေ ရှိနေတဲ့အထဲကကိုပဲ ဘယ်လိုကနေ ဘယ်လို အဲဒါတွေအတွက် အချိန်ပေးမိနေမှန်း မသိဘူး။ ကိုယ့်အကောင့်ကို  deactivate လုပ်လိုက်ရင်ကောင်းမလား စဉ်းစားမိတာ နှစ်ခါမက တော့ဘူး။ ဒါပေမယ့် သူငယ်ချင်းမိတ်ဆွေတွေနဲ့ အဆက်သွယ်မပြတ်ချင်တာ တစ်ခုတည်းကြောင့်ပဲ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မျက်နှာစာအုပ်က ကိုယ့်ကို ၀မ်းနည်း စိတ်ညစ်စရာထက် ၀မ်းသာစရာ အမှတ်တရတွေကို ပေးခဲ့တာအမှန်ပါ။ ရှင်သန်နေထိုင်ရာ ဘ၀တစ်ခုအတွက် နေ့စဉ်လှုပ်ရှား ပင်ပန်းနေတဲ့ကြားကပဲ မိတ်ဆွေတွေနဲ့အတူ မျက်နှာစာအုပ်မှာ  အတူဝေမျှခံစားခွင့်ရတာကိုက  အမောပြေနည်းတစ်ခု မဟုတ်ပါလား။


ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်

အစ်မသက်ဝေဖတ်ဖို့ အမှတ်တရပို့စ်

17

Category: ,

မျက်နှာစာအုပ်ကနေ အစ်မသက်ဝေရဲ့ တဂ်ပို့စ်ကြောင့် ကြည်နူးစရာ ပို့စ်အသစ်တွေ ဖတ်ရလို့ ကျေးဇူးတင်ကြောင်း ပြောမိရင်း ကိုယ့်အကြောင်းကို ပြန်စဉ်းစားမိတာလေး အစ်မကို ပြောဖြစ်တော့ တူခဲ့တာ၊ မတူခဲ့တာလေးတွေ စိတ်ထဲမှာ တွေးမိရင် ရေးပေးပါဆိုလို့ နှစ်ခါမတိုက်တွန်းရဘဲ ရေးလိုက်ပြီ။ :D တရားဝင် တဂ်ခံရတဲ့အထဲမှာ မပါလို့ တဂ်ပို့စ်ရယ်လို့တော့ ကျကျနန မသတ်မှတ်လိုက်ပေမယ့်  ဇွန်ဖြတ်သန်းခဲ့တဲ့ ဘ၀ရဲ့ သုံးပုံတစ်ပုံက အမှတ်တရလေးတွေ အတွက် အစ်မသက်ဝေဖတ်ဖို့ ရေးပေးလိုက်ပါတယ်။

ဇွန်နဲ့သူ့ကို ရုပ်ချင်းဆင်တယ်လို့ တွေ့တဲ့လူတိုင်းက ပြောကြတယ်။ အသားဖြူ၊ မျက်ခုံးနက်ပြီး  (ဟိုတုန်းက) နှစ်ယောက်စလုံး ပိန်ပိန်လေးတွေမို့ မသိတဲ့လူတွေက မောင်နှမလို့ပဲ ထင်ပါတယ်။ မွေးနှစ်၊ မွေးလတူပြီး သူက ၄ ရက်ပဲ ကြီးပေမယ့် အကြီးတစ်ယောက်လို ဇွန့်ကို ပြောဆိုဆက်ဆံတတ်တယ်။ စိတ်ကူးပေါက်ရင် “ကလေး” လို့ ခေါ်တတ်သေးတယ်။ ရာသီခွင်လည်းတူလို့ အချို့စိတ်တွေတူပါတယ်၊  ဥပမာ - အစွဲအလန်းကြီးတာ၊ သံယောဇဉ် ကြီးတာ၊ ငယ်ဘ၀နဲ့ ငယ်သူငယ်ချင်းတွေအကြောင်း အကုန်လုံးနီးပါး မှတ်မိနေတာမျိုး။ ဂျပန်စာ ကြိုက်တတ်တာချင်း တူတယ်။ အထူးသဖြင့် ဆူရှီနဲ့ ဆရှိမိ။ နောက် ဒူးရင်းသီး၊ နှစ်ယောက်စလုံး သိပ်ကြိုက်လို့ လုစားရတယ်။ ရုပ်ရှင်ကြည့်တာ ကြိုက်တာချင်းတူတယ်။ ပြီးတော့ နှစ်ယောက်စလုံး မော်တော်ကားနဲ့ လေကြောင်းလိုင်းတွေကို စိတ်ဝင်စားကြတယ်။  အမှတ်ရဆုံးတူခဲ့တာတော့ မျက်စိပါဝါ။ မျက်စိသွားစစ်တော့ ဘယ်လောက်ထိအောင် တူနေသလဲဆိုရင် ပါဝါမတူတဲ့ ဘယ်၊ ညာနှစ်ဖက်စလုံးက ဒီဂရီတွေ သွားတူနေတာ။ အဲလိုတူတာလေးတွေကို တွေးတွေးပြီး ပီတိဖြစ်ရသေးတယ်။
 
ဒါပေမယ့် မွေးချင်းတစ်ယောက်တည်းဖြစ်တဲ့သူက အတ္တမာန်မာန အလွန်ကြီးပြီး တစ်ကိုယ်ကောင်းဆန်တယ်။ အားမနာတတ်ဘူး။ ဇွန်က အိမ်မှာ အကြီးပီပီ အနစ်နာခံပြီး သူများအရေးကို ကိုယ့်အရေးထက် ဦးစားပေးတတ်တယ်။ အရမ်းလည်းအားနာတတ်တယ်။ သူက တစ်ယောက်တည်း ကြီးပြင်းလာသူမို့ လူအများကြီးနဲ့ မနေတတ်၊ မပေါင်းတတ်ဘူး။ အားကစားတောင် လူအများကြီးနဲ့ ကစားရတဲ့ပွဲမျိုးကို မကြိုက်တဲ့သူ။ ဘောလုံးပွဲဆို လုံးဝမကြည့်၊ စိတ်မ၀င်စား။ ဇွန်နဲ့လုံးလုံး ဆန့်ကျင်ဘက်ပဲ။ စာဖတ်ဝါသနာပါတာချင်း တူပေမယ့် ဖတ်တဲ့ စာအမျိုးအစား မတူဘူး။ သူက အီလက်ထရောနစ်၊ နည်းပညာနဲ့ ကွန်ပျူတာစာအုပ်တွေ လစဉ်ဝယ်ဖတ်ချိန်မှာ ဇွန်က အပျိုစင်၊ ရွှေအမြူတေနဲ့ ရသစာပေ၀တ္ထုတွေ သဲသဲမဲမဲ ဖတ်နေချိန်ပေါ့။  ဒီက အားလပ်ချိန်မှာ စာတိုပေစ ကဗျာတွေ ရေးဖွဲ့နေတုန်း၊ ကော်ဖီသောက်ပြီး ကွန်ပျူတာတစ်လုံးနဲ့ သူ့အိမ်မှာ ပရိုဂရမ်တွေ ညလုံးပေါက် ထိုင်ရေးနေတာ။  logic သိပ်အားကောင်းတဲ့သူက logic မှာ အားနည်းတဲ့ ဇွန့်ကို ပရောဂျက်တိုင်း ကူရေးပေးရတယ်။  ဉာဏ်သိပ်ကောင်းပြီး အရာရာကို သိလွယ် သဘောပေါက်လွယ်တဲ့ သူက သင်္ချာလည်းတော်တယ်။ ဇွန်က သင်္ချာမညံ့သည့်တိုင် ရှန်းတယ်၊ ပြရင်လည်း ဒက်ခနဲ သဘောမပေါက်ဘူး။ အင်္ဂလိပ်စာကျတော့ သူက reading နဲ့ listening မှာ ဇွန့်ထက် ပိုအားကောင်းပြီး writing နဲ့ speaking ကျတော့ ဇွန်က သာသွားပြန်ရော။ အလုပ်တစ်ခုကို သွေးအေးအေးနဲ့ တိတိကျကျ သေချာတွက်ချက်ပြီးမှ သူလုပ်တတ်ပေမယ့်၊ ဇွန်က သွေးဆူလွယ်ပြီး အလောတကြီးနဲ့ လုပ်တတ်တယ်။

သူ သီချင်းတစ်ပုဒ်ကို ကြိုက်ပြီဆိုရင် ထပ်ပြန်တလဲလဲ အဲဒီတစ်ပုဒ်တည်း နားထောင်တတ်တာ။ ဇွန်က အလွန်ဆုံး ၃ခေါက်ဆို တော်ပြီ။ သူ့အကြိုက်ဆုံးအဆိုတော်က ဇော်ဝင်းထွဋ်၊ ဇွန့်အကြိုက်ဆုံးက ထူးအိမ်သင်။ ဇွန်က အရေခွံလုံးဝမစားသူဖြစ်လို့ ကြက်အရေအခွံသုတ်တို့ ဘဲခြေထောက်တို့ဆို  လုစရာမလိုဘဲ သူတစ်ယောက်တည်း အပြည့်အ၀ တီးခွင့်ရသွားတယ်။ အံ့သြစရာကောင်းစွာ သူ့လက်ဖ၀ါးတွေက မိန်းကလေးအရှုံးပေးရလောက်အောင် နူးညံ့နေပြီး ဇွန့်လက်ဖ၀ါးတွေဟာ သာမန်မိန်းကလေးတစ်ယောက်လက်လောက်တောင် နူးညံ့မနေခဲ့ဘူး။ ခရီးတစ်ခု အတူသွားရင် ဟိုတယ်မှာ အေးအေးဆေးဆေး အပန်းဖြေ အနားယူချင်တဲ့သူက နားနားနေနေမနေနိုင်ဘဲ ရောက်တဲ့နေရာ အကုန်လျှောက်သွားချင်တဲ့ ဇွန့်နောက် လိုက်ရရှာတယ်။

ထင်ထင်ရှားရှား ဆန့်ကျင်ဘက်ကတော့ အရောင်ပါ။ ဇွန် လုံးဝမကြိုက်တဲ့ အနီရောင်က သူ့ရဲ့ favourite  colour ဖြစ်နေပြီး၊ ဇွန်သိပ်ကြိုက်တဲ့ အစိမ်းရောင်က သူ မကြိုက်ဆုံးအရောင် ဖြစ်နေတာ။

နှစ်ယောက်တစ်ဘ၀ပေါင်းစပ်ဖို့ မမျှော်လင့်ဘဲ ဖူးစာကံ ကုန်ခဲ့လေတော့ တူညီမှု၊ မတူညီမှုတွေ အထူးတလည် ညိုနှိုင်းစရာ မလိုအပ်တော့ပေမယ့် အကြောင်းတိုက်ဆိုင်မှု ရှိလာတဲ့အခါ အမှတ်တရအဖြစ်နဲ့ ရင်ထဲမှာ သတိရနေရင်း...။ 


ဇွန်မိုးစက်

The night of ABBA Cadabra

15

Category: ,




ပြီးခဲ့တဲ့ စနေနေ့က Esplanade Theater မှာ လာရောက်ဖျော်ဖြေတဲ့ ABBA Cadabra ကို သွားကြည့်ဖြစ်ပါတယ်။ ကမ္ဘာကျော် ABBA အဖွဲ့ရဲ့ သီချင်းများကို ပြန်လည်သီဆို ဖြေဖျော်တဲ့ပွဲပါ။ အတူနေသူငယ်ချင်းက ကိုယ်နဲ့ ဇူလိုင်လမှာ ကျရောက်တဲ့ နောက်ထပ် သူငယ်ချင်းတစ်ယောက်အတွက်ပါ ပေါင်းပြီး  မွေးနေ့လက်ဆောင်အဖြစ် လက်မှတ်ဝယ်ပေး ပါတယ်။ သူလည်း အတူတူကြည့်တာပေါ့လေ။ 

ဒုတိယအကြိမ်မြောက် Esplanade မှာ ကြည့်ဖြစ်ခြင်းပါ။ မနှစ်က  အောက်တိုဘာမှာ သူငယ်ချင်းရဲ့ မွေးနေ့လက်ဆောင်အဖြစ် အကပွဲတစ်ပွဲအတွက် လက်မှတ်ဝယ်ပေးရင်း ပထမဆုံးအကြိမ်အဖြစ် Esplanade Theater ထဲမှာ ကြည့်ဖူးသွားပါတယ်။ တကယ်ဆို ကြည့်ချင်တဲ့ပွဲတွေက အများကြီးပါ။ တီဗွီမှာကြော်ငြာလာတိုင်း ဟိုပွဲလည်းကြည့်ချင် ဒီပွဲဆိုလည်းကြည့်ချင်နဲ့ ခဏခဏမကြည့်ဖြစ်တောင်  တစ်နှစ်ကို တစ်ပွဲလောက်တော့ ကြည့်ရအောင်ဆိုပြီး နှစ်ယောက်သား သံဓိဋ္ဌာန် ချထားပါတယ်။

ငယ်ငယ်လေးကတည်းက အရင်ဆုံးရင်းနှီးခဲ့တဲ့ အင်္ဂလိပ်သီချင်းဟာ ABBA ရဲ့သီချင်းတွေဆို မမှားပါဘူး။ အဖေရော အမေပါ သိပ်ကြိုက်ကြလို့ အိမ်မှာခဏခဏ ဖွင့်နားထောင်ဖြစ်ပါတယ်။ ၁၉၈၃ နှစ်မှာ အဖွဲ့ဝင်တွေ လမ်းခွဲပြီးနောက်ပိုင်း ဖျော်ဖြေမှုတွေ မပြုလုပ်တော့တာ ခုချိန်ထိပါပဲ။ ခုလို သူတို့သီချင်းတွေကို ပြန်လည်သီဆို ဖြေဖျော်ပေးနိုင်တဲ့ အဖွဲ့ပေါ်လာတော့ ABBA ပရိတ်သတ်အကြိုက် ဖြစ်သွားပါတယ်။

ABBA Cadabra ဟာ ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့ကနေ ABBA သီချင်းများကို ကမ္ဘာအနှံ့ လှည့်လည်ဖြေဖျော် အောင်မြင်နေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ စင်္ကာပူမလာခင်က အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ဖျော်ဖြေခဲ့ကြပါတယ်။ အရင်နှစ်ကလည်း မလေးရှားနိုင်ငံရဲ့ဘုရင်နဲ့မိဖုရား၊ တော်ဝင်မိသားစုဝင်များနဲ့ ၀န်ကြီးချုပ်တို့အတွက် အထူး ဖျော်ဖြေခွင့်ရခဲ့ပါတယ်။ စင်္ကာပူနိုင်ငံကိုတော့ ပထမဆုံးအကြိမ်အဖြစ် လာရောက်သီဆို ဖျော်ဖြေခြင်းပါ။

မူရင်းသီဆိုသူများ မဟုတ်သည့်တိုင် မူရင်းသီချင်းများကို နားထောင်ရသလိုပဲ အဆိုသိပ်ကောင်းကြပါတယ်။  မူရင်းအဖွဲ့လိုပဲ လေးယောက်ပါဝင်ပြီး၊ dancer နှစ်ယောက်၊ violinist တစ်ယောက်တို့က တီးဝိုင်းနဲ့အတူ အားဖြည့်ပေးထားပါတယ်။ ABBA ရဲ့ အောင်မြင်ကျော်ကြား လူကြိုက်များတဲ့ သီချင်းပေါင်း နှစ်ဆယ်ခန့်ကို နှစ်နာရီ(ကျော်)ကြာ အားပါးတရ သီဆို ဖျော်ဖြေသွားကြပါတယ်။ သီချင်းလိုက်ဆိုရင်း ကလို့လည်းရအောင် စင်အောက်နားမှာ နေရာလွတ်ထားပေးပါတယ်။ အဖြူသုံးလေးယောက်ကတော့ သီချင်းလိုက်ဆိုပြီး ထွက်ကကြပါတယ်။

“Mamma Mia” သီချင်းနဲ့ စဖွင့်ပြီး “Thank you for The Music” နဲ့ အဆုံးသတ်ပါတယ်။ ပရိတ်သတ်တွေလည်း ပွဲပြီးသွားတဲ့အထိ လက်ခုပ်သံမစဲ တသဲသဲအားပေးကြပါတယ်။ အားလုံးက ပြီးသွားပြီထင်နေဆဲ ABBA Cadabra အဖွဲ့ စင်ပေါ်ကိုတစ်ခေါက် ပြန်လာပြီး ပရိတ်သတ်အားလုံးကို မတ်တပ်ထခိုင်း၊ သူတို့နဲ့အတူ လိုက်ဆိုလိုက်ကခိုင်းပါတယ်။ အားလုံးကလည်း တညီတညွတ်တည်း မတ်တပ်ရပ်၊ လက်ခုပ်တွေတီးပြီး ကိုယ်တွေယိမ်းလို့ တပျော်တပါး လိုက်ဆိုကကြပါတယ်။ Dancing Queen နဲ့ Mamma Mia ကို တစ်ခေါက်စီထပ်ဆိုပေးသွားပြီး ပွဲစဉ်ကို အဆုံးသတ်ပါတယ်။ သိပ်ပျော်ခဲ့ရတဲ့ ABBA Cadabra Night လို့ ဆိုပါရစေ။

သီဆိုပေးသွားတဲ့ သီချင်းများကတော့

Mamma Mia
Dancing Queen
Knowing Me Knowing You
Money Money Money
S.O.S
Voulez Vous
Fernando
Take a Chance On me
Gimme! Gimme! Gimme!
I Have A Dream
Lay all your Love On Me
I do I do I do
Super Trouper
Chiquititia
Honey Honey
The Name of the Game
Does Your Mother Know
The Winner Takes It All
Waterloo  နဲ့
Thank You for The Music တို့ ဖြစ်ပါတယ်။

နောက်တစ်ကြိမ် ABBA Cadabra အဖွဲ့ စင်္ကာပူကို ထပ်လာဖြစ်ခဲ့ရင် ABBA ပရိတ်သတ်များ သွားကြည့်ကြပါလို့ ဘလော့ဂ်ကနေ တိုက်တွန်းလိုက်ပါတယ်။း)


ဇွန်မိုးစက် 

အားနာတတ်သော အတ္တလူများ (၃)

16

Category: ,




မြင်ကွင်း (၃)

“အမေ”
 
“ဘာတုန်း”

ခရီးရောက်မဆိုက် ဆိုင်ပေါ်တက်တက်ချင်း လှမ်းခေါ်လိုက်တဲ့ မိဥအသံကြောင့် ခပ်ဆပ်ဆပ် ပြန်ထူးလိုက်မိတယ်။ အလကားဟာမ၊ သူအသုံးမကျလို့ ငါ့မှာ အသက်၅၀ကျော်လည်း အေးအေးမနေရဘူး။ ပြောလိုက်ရင်တော့ မျက်နှာလေးက ဇီးရွက်လောက်နဲ့၊ တစ်လောကလုံးကို အားနာဖို့ကလွဲရင် ဘာမှသုံးလို့မရဘူး။

“ဘာပြန်ပြောလိုက်လဲလို့ မေးမလို့ပါ”

“ဘာပြောရမှာလဲ၊ အားနာလိုက်တာ ပြန်လျော်ပေးပါ့မယ်၊ စိတ်မရှိပါနဲ့လို့ပြောတာပေါ့၊ ငါပဲ ညည်းလို ငအမ မဟုတ်တာ”

ပြောရင်းကပဲ ဒေါသထွက်လာမိတယ်။ အဖြစ်က ဒီလို...ဒီလို... ဈေးပိတ်တဲ့တစ်နေ့ ကျွန်မအိမ်မှာ မရှိတုန်း ဟိုဘက်ရုံက ရီရီတို့သားအမိလာပြီး မင်္ဂလာဆောင်သွားမလို့၊ ကြိုးကြီးချိတ်ထမီနဲ့ ငွေလက်ကိုင်အိတ် ခဏပေးပါလို့ လာငှားသတဲ့။ ငွေလက်ကိုင်အိတ်က ထားပါတော့၊ နာမည်ကိုတပ်ပြီးငှားတာဆိုတော့ ပေးရတော့မှာပေါ့။ ကြိုးကြီးချိတ်ဆိုတာကို ငြင်းချင်လည်းငြင်း၊ တော်၏လျော်၏တစ်ထည် ငှားရင်လည်း ငှားလိုက်ပါလား။ ခုတော့ နောက်လတူမတစ်ယောက် မင်္ဂလာဆောင်မှာဝတ်ဖို့ ၀ယ်ထားတဲ့၊ တစ်ခါမှမ၀တ်ရသေးတဲ့ ထောင်ကျော်တန်လွန်းချိတ် အသစ်စက်စက်ကြီးကိုမှ ပေးလိုက်တဲ့အပြင် ပုဝါပါ အဆစ်ပေးလိုက်သေး။ ဟင်း... သူ မရှာရတိုင်း ရက်ရက်ရောရော။

သူ့ကို အားပါးတရဖိဆူပြီး နောက်တစ်နေ့ ရှေ့ဆိုင်က စန္ဒာ့မင်္ဂလာဆောင်လည်းသွားမိရော၊ လားလား... ရီရီ့အမေက ကျွန်မပစ္စည်းတွေကို ပြည်သူ့မုန့်တိုက်မှာလုပ်တဲ့ မင်္ဂလာဆောင်မှာကို ချဝတ်ပစ်တာပါလား။ သူကလွန်းချိတ် ခရမ်းရောင်၊ ပုဝါခရမ်းရောင်၊ ငွေရောင်လက်ကိုင်အိတ်နဲ့ တင့်တယ်နေချိန်မှာ ကျွန်မကတော့ ဇင်းမယ်ကလေးနဲ့ (ပီအက်စ်) အိတ်ကလေးနဲ့၊ ဒေါသထွက်လိုက်တာများလေ၊ အမှန် ဒီချိတ်အသစ်ကို ၀တ်ချင်းဝတ်ရင် ကျွန်မ၀တ်ပစ်ရမှာ မဟုတ်လား။ အခုတော့ ... ဟင်း.. ကျွန်မဒေါသထွက်ထွက်နဲ့ မိဥကိုပဲ ဒုတိယံမိ ထပ်ဆူပစ်လိုက်တယ်။

အမယ်လေး... အဖြစ်က ဒီတင်မရပ်ဘူး၊ မနေ့က ကျွန်မ တစ်တန်းသွားအနီတစ်ကွင်းဈေးညှိဖို့ကိစ္စနဲ့ အပြင်ထွက်အသွား ရီရီက ပစ္စည်းတွေလာပြန်ပေးသွားတယ်ဆိုပြီး မိဥက ပြန်ရောက်ရောက်ချင်း အထုပ်ထိုး ပေးတယ်။ ဘာမှပြန်မပြောဘူးနော်... အိနြေ္ဒနဲ့... အိနြေ္ဒနဲ့၊ ကျွန်မစိတ်ပူပူနဲ့ တစ်ခုချင်းလည်း ဖြန့်ကြည့်မိရော... အို... ငွေရောင် ပိုက်ဆံအိတ်မှာ လက်ဖက်ရည်တွေ စွန်းနေသလို ပုဝါမှာလည်း မီးပေါက်နဲ့။ ဆေးလိပ်မီးပေါက်ရအောင် ဒီမိန်းမက ဘယ်ယောက်ျားနား သွားကပ်ထိုင်နေလို့လဲ၊ ရင်ထဲမှာ လှိုက်ပြီးတော့ ဒေါသထွက်တယ်။

မိဥကို ခေါ်ပြမိတော့ “မီးပေါက်တာတော့ မသိဘူး၊ လက်ဖက်ရည်စွန်းတာတော့ သူသိပါတယ်တဲ့၊ ရီရီ အရမ်းအားနာတာပဲလို့ ပြောပြီးတော့ ပြသွားတယ်” တဲ့။ အားနားပေလို့သာပဲ၊ ဒီလောက် မသိတတ်တဲ့သူတွေကို ကိုယ်ကပြန်သိတတ်နေလို့လဲ အပိုပဲ။ ဒါကြောင့် ဒီမနက် အထုပ်လိုက်ယူလာပြီးတော့ကို သွားပြပစ်လိုက်တယ်။ ဒါတောင် အိမ်က သူတော်ကောင်းမက တဂျီဂျီနဲ့ “အားနာစရာကြီး” တဲ့လေ၊ “သူတို့က အရမ်းအားနာနေကြတာပါတဲ့” ဘာလုပ်ရမှာလဲ သူတို့အားနာတာ၊ ပြုတ်သောက်လို့ ရတာမှ မဟုတ်တာ။

ကျွန်မကတော့ မရဘူး၊ သွားပြလိုက်တယ်။ လေသံပျော့လေးနဲ့ “ရီရေ... အားတော့နာပါရဲ့ကွယ်၊ လူရင်းတွေမို့ ပြရဦးမယ်၊ ဒီမှာကွယ် ကြည့်ပါဦး၊ ညည်းသတိမထားမိဘူးထင်တယ်...၊ ပုဝါမှာလည်း မီးပေါက်ကြီးနဲ့၊ ပိုက်ဆံအိတ်မှာလည်း လက်ဖက်ရည်တွေစွန်းလို့၊ ဘယ်လိုဖြစ်ရတာလဲကွယ်” လို့လဲ ပြောရော၊ ရီရီမျက်နှာကြီး မည်းကနဲပဲ။

ဘာရမလဲ ကျွန်မပဲ ဆက်ပြောတာပေါ့၊ ဘယ်လိုနှမြောကြောင်း၊ အကောင်းစားတွေဖြစ်ကြောင်း၊ နောက်ဆုံး “ပုဝါကတော့ ထားပါတော့ မီးပေါက်ကလဲ သေးပါတယ်၊ ပိုက်ဆံအိတ်ကိုတော့ ကြည့်လုပ်ပါဦး၊ မမလဲ ထပ်မ၀ယ်နိုင်တော့ဘူး” ဆိုတာနဲ့ ပိတ်ရတော့တာပေါ့။ ဈေးထဲမှာမို့ ရှက်လို့လား မသိပါဘူး၊ နာရီဝက်လောက်အကြာမှာတော့ “ကဲ... ကဲ... ရီရီ အစားပြန်ဝယ်ပေးပါ့မယ် အမရယ်” ဆိုတဲ့ စကားကိုရတယ်။ ကျွန်မလည်း မျက်နှာကို ချိုပြုံးပြီး “အားလည်းနာပါရဲ့ရီရယ်၊ အမကလဲ အိမ်ကလူမြင်ရင် ဆူမှာစိုးလို့ပါ” လို့ ရေခဲတုံးကို ခုတုံးလုပ်ပြီး အားနာချင်ယောင် ဆောင်ရတာပေါ့။

အမယ်... ဒါတောင် လာသေးတယ်၊ အားနာတတ်တဲ့ ရီရီက “အဲဒီ စွန်းနေတဲ့ အိတ်ကိုတော့ အမေ့ပဲ ပေးကိုင်လိုက်တော့မယ်၊ ထားခဲ့ပါတော့” တဲ့။ ရှိပါစေတော့လေ၊ ဒီလောက်သိတတ်ရင်ပဲ ကျေးဇူးတင်လှပါပြီ။

“အေး.. ရီ အသစ်ဝယ်ပြီးတော့ လာလဲလှည့်၊ အခုတော့ ဒါကိုပဲ ခဏပြန်ယူသွားလိုက်ဦးမယ်၊ မတွေ့ရင် အိမ်ကလူ မေးနေဦးမယ်” လို့ ပြောခဲ့ရတယ်၊ နို့မို့ဖြင့် ဖွတ်မရ ဓားဆုံး ဖြစ်ဦးမှာ၊ ဟင်း... အလည်မ။

“အမေသွားနေတုန်း အန်တီရိုစီတို့ သားအမိလာသွားတယ်”

“အမယ်တော်... ဘာတွေများ ရောင်းလိုက်သေးလဲ”

မိဥစကားကြောင့် ရင်ဘတ်ဖိပြီး မေးမိတယ်။ ရိုစီတို့က သိပ်လည်တာ၊ လျှော့ပေးမှန်းသိလေ အားမနာ လျှာမကျိုး ဆစ်ချလေပဲ၊ ငယ်သူငယ်ချင်းဆိုတော့ ပြောလို့လဲ မကောင်းဘူး။ ကျွန်မနဲ့ဆိုရင် လျှော့ရင်းတင်းရင်း နောက်ဆုံး အရင်းတော့ ကျန်တာပေါ့။ ဒါတောင် “ညိုက သိပ်ကပ်တာပဲ” လို့ အပြောခံရသေးတာ။ မိဥတစ်ယောက်တည်းများ ဆိုလို့ကတော့လား၊ ဟိုကဆစ်ရင်း၊ သူကလျှော့ရင်းနဲ့ အရင်းတောင် မပြည့်ချင်ချင်ရယ်။ အမြတ်ရချင်လို့ ဈေးရောင်းနေတာပဲ၊ နဲနဲတော့ နားလည်ဖို့ကောင်းတယ်၊ အမယ်... ဒါတောင် ပြောသွားသေးတယ်။ “ခဏခဏ အလုပ်လာရှုပ်ရတာ သိပ်အားနာတာပဲတဲ့လေ” အဲဒီစကားလုံးကိုတော့ စိတ်နာနေပြီ။

ခုတော့ မိဥကိုမှာထားရတယ်၊ ကျွန်မ မရှိတုန်း လာကြရင် “ဈေးတွေ မသိဘူး၊ အမေလာမှဝယ်ပါ” လို့ ပြောလို့၊ ကျွန်မက စတွေ့လို့ကတော့ ရှောင်ကို နေလိုက်တယ်။

“မရောင်းပါဘူး၊ အမေမှာတဲ့အတိုင်းပဲ၊ သူတို့က တစ်ခေါက်ပြန်လှည့်ခဲ့မယ်တဲ့”

ဟော... ပြောရင်းဆိုရင်း ရိုစီတို့သားအမိကို မြင်လိုက်ရတာမို့ ရှုသိုးသိုး မျက်နှာထားကိုပြင်ပြီး အစွမ်းကုန် ပြုံးပြလိုက်ရတယ်။ ဟင်း.. ရှောင်လို့တောင် မမီတော့ဘူး။

“ရိုစီ... လာလေ... မလာတော့တာတောင် ကြာပြီ”
“ဟင်း... ဟင်း... လာပါ့နော်၊ ညိုနဲ့ မတွေ့တာချည်းပဲ”

“အေးကွယ်... အလုပ်ကလဲ များလို့”

“မာမီ... ဟိုကြယ်သီးလေးနဲ့ အနက်လေး လှတယ်နော်”

သူကြည့်နေတဲ့ အင်္ကျီလေးကို ကျွန်မလှမ်းကြည့်လိုက်တယ်၊ ကြယ်သီး အကြီးကြီးတွေပါတဲ့ အင်ဇိုင်းစပို့ရှပ် အနက်လေး...

“လှတယ်... သမီးနဲ့လိုက်မှာပဲ၊ အန်တီ... ဖြုတ်လိုက်မယ်နော်”

ဇိုးဇိုးဇတ်ဇတ်နဲ့ဖြုတ်ပြီး သူ့သမီးလက်ထဲ ထည့်လိုက်တယ်။ သူ့သမီးက အတော့်ကို ကြိုက်နေပုံနဲ့...

“ဘယ်လောက်လဲ မသိဘူး အန်တီ”

“ခေါင်းထဲမှာ ဈေးကို မြန်မြန်တွက်လိုက်ရတယ်၊ ဒီအင်္ကျီရောင်းဈေး (၈၀၀၊ ၈၃၀) ပေါ့ သူတို့ကိုတော့ ...

“အဲဒါလေးတွေက ပေါ်ကာစဆိုတော့ ဈေးကြီးတယ် သမီးရဲ့၊ (၉၅၀) ရောင်းဈေးပဲ”

ရိုစီ မျက်ခုံးနှစ်ဖက် ပင့်တက်သွားတယ်။ “မဟုတ်တာကွယ်... လျှော့ဦး၊ အချင်းချင်းတွေပဲ” 

“အော်... ရိုစီရယ်... ပြောရမဲ့သူတွေမှ မဟုတ်တာ၊ ညိုက အပိုပြောပါ့မလား၊ ဒါသူများအပ်ထားတဲ့ပစ္စည်း၊ (၉၅၀) ရမှ ရောင်းပါဆိုလို့ ညို့ဟာဆိုလို့များကွယ် အမြဲာထက်ဝက်လောက် သက်သာတာသိသားနဲ့”

သူ့သမီးကလည်း အင်္ကျီကို အတော်ကြိုက်နေပုံရတယ်။ ရိုစီကလည်း ကျွန်မဆီမှာဆို ဈေးမှန်မှာပဲလို့ တွေးဟန်တူပါရဲ့၊ အင်္ကျီကို လက်မချတော့ဘဲ ဆစ်ရင်းတင်းရင်းနဲ့ပဲ (၈၇၅) နဲ့ ဈေးတည့်သွားပါလေရော။

“ကဲ... သူတို့က (၉၅၀) ရမှ ရောင်းပြောတာ၊ အန်တီက သိပ်အားနာလာလို့ (၈၇၅) နဲ့ ပေးလိုက်တာ၊ ပြန်ပြော ကြည့်ရဦးမယ်၊ မဟုတ်ဘူး၊ (၉၅၀) ပဲဆိုရင်လည်း အန်တီအိတ်စိုက်ပေါ့ကွယ်၊ သမီးလေးကို အန်တီညို မုန့်ဖိုးပေးတယ်ပဲ သဘောထားလိုက် ဟုတ်လား” 

“ဟာ... အားနာလိုက်တာ အန်တီညိုရယ်” 

“ရပါတယ်ကွယ်”

ရိုစီတို့သားအမိ ပျော်ပြီးထွက်သွားကြတယ်။ ငွေ (၈၇၅) ကို ပိုက်ဆံသေတ္တာထဲ ထည့်လိုက်တော့ မိဥက လှမ်းကြည့်တယ်။

“တွေ့လားမိန်းမ၊ ခါတိုင်းထက်တောင် (၅၀) လောက် မြတ်သွားသေးတယ် မဟုတ်လား၊ အားနာတယ်ဆိုတာ နင့်လိုပဲ စိတ်ထဲကချည်းပဲ အားနာနေလို့ မဖြစ်ဘူး၊ ပါးစပ်က ထုတ်အားနာပြပြီးတော့လည်း လုပ်စားတတ်ရသေးတယ်ဟဲ့” 

xxxxxx

နိဂုံး

အားနာတယ်” ဆိုတဲ့ စကားဟာ လူတန်းစားမရွေး၊ အသက်အရွယ်မရွေး၊ အားလုံးအတွက် လိုအပ်နေပေမဲ့၊ ဒီ့ပြင် ဘယ်ဘာသာစကားမှာ မရှိဘဲ ဒို့မြန်မာစကားမှာသာ ရှိခဲ့တာ။

ဒီလိုသာ အချင်းချင်း လှီးဖို့ခုတ်ဖို့လောက်ပဲ လူကြားကောင်းရုံ အသုံးပြုနေကြမယ်ဆိုရင်...

ဒီရှားရှားပါးပါး စကားလုံးလေးကို... သိပ်အားနာစရာကောင်းမှာပဲကွယ်...


သင် (ဆေး-၁)

အားနာတတ်သော အတ္တလူများ (၂)

11

Category: ,


မြင်ကွင်း (၂)

ဟော... လာပါပြီ၊ လာပါပြီ၊ သူ့မျက်နှာမြင်ရရင် တစ်နေ့လုံး လုပ်ထားသမျှ ကောင်းမှုကုသိုလ်တွေ ပျောက်သွားတဲ့ အလားပဲ။ ဘယ်လိုအော့ကြောလန်မှန်းမသိဘူး။ ပြီး အနားရောက်လာရင် ကြားရမယ့် “မ၀ါရယ် အားနာလိုက်တာ၊ စိတ်မဆိုးနဲ့နော်၊ မြမှာ ငွေမလွယ်သေးလို့ပါ။ တစ်လုံးတည်း ပြန်ဆပ်ပါ့မယ်၊ ခဏဆိုင်းထားပါဦးနော်” ဆိုတဲ့ အပ်ကြောင်းထပ် ဓာတ်ပြားဟောင်းကြီးကို မကြားချင်တာမို့ တခြားလမ်းကပဲ ပတ်ထွက်ခဲ့တော့တယ်။

တကယ်ပါပဲ၊ လွန်ခဲ့တဲ့ (၂) နှစ်ကျော်က စချေးသွားတုန်းကလည်း ဒီလေသံပဲ။ အဲဒီတုန်းက မ၀ါက ဒီရုံးကို စရောက်ခါစဆိုတော့ သူ့အကျင့်ကို မသိသေးဘူးလေ။ သူလှီးဖို့ အချဉ်ဖြစ်သွားတာပေါ့။ ငွေစုငွေချေးက ငွေလည်း ထုတ်ချေးရော၊ မ၀ါမယူဘူးဆိုတော့ “မ၀ါမယူရင် မြယူပါရစေ၊ နောက်လ လခထုတ်ရင် ပြန်ပေးပါ့မယ်ဆိုလို့ ချေးလိုက်တဲ့ ငွေနှစ်ရာ၊ နှစ်နှစ်ကျော်တာတောင် ပြန်ပေါ်မလာတော့ဘူး။ မ၀ါလို သာမန်ရုံးစာရေးမလေးအတွက် နှစ်ရာဆိုတဲ့ငွေဟာလည်း အရေးကြီးတာပဲ။ လခထဲက ဆပ် ဆပ်သွားရတော့ မ၀ါတစ်ယောက်တည်း လခနဲ့ ရပ်တည်နေရတဲ့ မ၀ါတို့ သားအဖနှစ်ယောက်အဖို့ ထိခိုက်တာပေါ့...။

အဲ...မ၀ါကလည်း အမှတ်မရှိလိုက်ပုံက၊ တစ်လလောက်ကြာတော့ သူက ပုဆိုးအကွက်စိပ်စိပ်လေးတစ်ထည် ယူလာပြီး “အိမ်ကလူဖို့လေ မ၀ါကြိုက်လား၊ အသိဆိုင်ကဆိုတော့ ဖောက်သည်ဈေးနဲ့ ၁၂၅ကျပ်ပဲ၊ ယူမယ်ဆို မြယူလာခဲ့ပေးမယ်” ဆိုတဲ့ စကားကို ယုံကြည်လွန်းစွာနဲ့ ၁၂၅ကျပ် ထပ်ပေးလိုက်မိပြန်ပါရော။ အမှန်ဆို အဲဒီကတည်းက “ပေး... မြယူထားတဲ့နှစ်ရာနဲ့ နှိမ်ယူလိုက်မယ်” လို့ ပါးစပ်ရဲရဲနဲ့ လုပ်လိုက်ဖို့ကောင်းတာ၊ ကိုယ်ကအားနာလိုက်မိလို့။

ရုံးအပြန်မှာပဲ အဲဒီပုဆိုးမျိုးကို အနော်ရထာလမ်းထိပ်ဆိုင်တစ်ဆိုင်မှာ မေးကြည့်တော့ နှစ်ရာကနေ တစ်ပြားမှ မလျှော့ဘူး။ အဲဒါနဲ့ မ၀ါက ကိုယ့်လုပ်ရပ်ကိုယ် ဟုတ်လှပြီထင်ပြီး ကိုလွင့်ကို ဒီပုဆိုးလေးနဲ့ စိတ်ကူးတောင် ယဉ်ကြည့်မိသေး။ သမီးရည်းစားသက်တမ်း (၃)နှစ်မှာ မောင်နှမများပြီး မချောင်လည်တဲ့ ကိုလွင်ကတောင် မ၀ါကို ပိုက်ဆံအိတ်ကလေးတစ်လုံး ၀ယ်ပေးနိုင်ခဲ့သေးတယ်။ မ၀ါမှာတော့ အိမ်စားစရိတ်ကတစ်ဖက်၊ အဖေ့ဆေးဖိုးက တစ်ဖက်နဲ့ ဘယ်လိုမှငွေပိုမထွက်နိုင်ဘူး။ အခုတောင် ဖျစ်ဖျစ်ညှစ်ညှစ်ဝယ်ပြီး လက်ဆောင်ပေးရမှာ။ 

မှန်းချက်နှင့်နှမ်းထွက်တော့ အလွဲပါပဲ။ အဲဒီငွေ တစ်ရာ့အစိတ်ကို မယ်မင်းကြီးမလက်ထဲ ထည့်လိုက်အပြီးမှာ ငွေရော ပုဆိုးရောပြန်ပေါ်မလာတော့ဘဲ “မ၀ါရယ်... အငယ်ကောင် အသားဝါဖြစ်နေလို့ လှည့်သုံးထားရတယ်၊ မြငွေပေါ်တာနဲ့ ပုဆိုးဝယ်ပေးပါ့မယ်၊ အဲဒီအရောင်လေးလည်း ဖယ်ခိုင်းထားပါတယ်၊ အားလဲနာပါရဲ့ မ၀ါရယ်” ဆိုတဲ့စကားသာ ပြန်ပေါ်လာတော့တာပဲ။

ဒါတင်ဘယ်ကဦးမလဲ၊ တစ်ရက်ရုံးကအပြန် (၃၅) လမ်းထပ်မှာ “မ၀ါ... မ၀ါ” နဲ့ အတင်းလှမ်းဆွဲပြီး “ဖိနပ်ပြတ်သွားလို့ လုပ်ပါဦး၊ ပိုက်ဆံလဲတစ်ပြားမှ မပါဘူး၊ မြ သင်္ကန်းကျွန်းအထိပြန်ရမှာ” ဆိုပြီး လုပ်ပြန်ရော။ ပြန်မရမယ်မှန်း သိနေပေမဲ့လည်း ကိုယ့်ကိုအကူအညီတောင်းနေတဲ့ သူတစ်ယောက်ကို မကူညီနိုင်ဘူးလို့ပြောဖို့ အားနာတာရော၊ သူရုပ်ပျက်ဆင်းပျက်လုပ်ပုံကြီးက ဘေးက၀ိုင်းကြည့်နေတဲ့ သူတွေကို ရှက်တာရော ပေါင်းပြီး အဲဒီတစ်လအတွက် နောက်ဆုံးကျန်တဲ့ငွေ (၇၅) ကျပ်ကို ပေးလိုက်ရပါရောလား။

အားလုံးပေါင်းတော့ သူ့ဆီမှာ မ၀ါပိုက်ဆံ ၄၀၀။ ၄၀၀ ကြီးများတောင်ပါလား။ ခုတော့ နောက်ထပ်နှစ်နှစ်သာ ကြာသွားရော ကိုလွင့်ကိုလဲ ဘာလက်ဆောင်မှ မပေးနိုင်ခဲ့ဘူး၊ တွေးတိုင်း ရင်နာတယ်။

သူ့ကိုတွေ့လိုက်တိုင်းလည်း ကိုယ်က စမပြောရသေးဘူး၊ သူကချည်းပဲ “အားနာလိုက်တာ မ၀ါရယ်” အစချီလို့ ဒီအကြောင်းပြောပြောနေတော့ မ၀ါက ဘယ်လိုတောင်းရတော့မလဲ။ ဒီနေ့လဲ လခထုတ်ရက်၊ သူ့ဆီမှာ ပိုက်ဆံရှိမှာ အမှန်ပဲ။ ဒါပေမဲ့ သူ့နားသွားတာနဲ့ “အားနာလိုက်တာ” က စလာတော့မယ်။ မလှမ်းမကမ်းက စားပွဲက ငွေရေနေတဲ့သူ့ကို မ၀ါစိုက်ကြည့်နေမိတယ်။ တစ်ရာ၊ နှစ်ရာ၊ သုံးရာ၊ လေးရာ။ သူက ငွေ၄၀၀ကို စားပွဲပေါ် သပ်သပ်တင်ပြီး၊ ကျန်တာကို အိတ်ထဲထည့်ရင်းက “စုရေ... မြ ၄၀၀ ပေးလိုက်မယ်၊ ကျန်တာတော့ လကုန်မှပေါ့နော်၊ မနက်က စုပြတဲ့ အစိမ်းရောင်လေးပဲ” တဲ့။

အော်... အော်... လက်စသတ်တော့ မနက်က စုစုပြတဲ့ ဘီဘဲလ်ကို ၀ယ်မလို့ကိုး။ မ၀ါပိုက်ဆံကိုတော့ ဆပ်ဖို့ မစဉ်းစားဘူး၊ သူတို့ကိုကြည့်ရင်း မ၀ါအကြံတစ်ခုရလာတယ်။ ဖုံးနားကို အသာကပ်သွား၊ ဖုံးခွက်ကို ကောက်ကိုင်ပြီး အသံကျယ်ကျယ်နဲ့ “ဘာ... အဖေမူးလဲသွားတယ်... ဟုတ်လား”

ဟော... သူတို့လှမ်းကြည့်နေကြပြီ၊ ဖုန်းထဲက နားအူဖွယ် အော်တိုသံကြီးကို သည်းခံနားထောင်ရင်း... “ဟင်... အခုဘယ်မှာလဲ” “ဆေးရုံတင်လိုက်ရတယ်၊ အေး... ငါအခုလိုက်ခဲ့မယ်၊ အမယ်လေးဒုက္ခပါပဲ။ ဂွပ်”

ဖုန်းခွက်ကို ဟန်ပါပါပစ်ချရင်း အရမ်းကိုစိတ်ပူနေတဲ့ အကယ်ဒမီရှော့မျက်နှာနဲ့ သူ့စားပွဲနားကို ပြေးသွားလိုက်တယ်။ သူက မ၀ါကို ကြောင်တောင်တောင်နဲ့ ပါးစပ်ဟကြည့်နေတုန်း...

“အမယ်လေး... မြရေ... စုရေ... ကယ်ကြပါဦး၊ အဖေဆေးရုံတင်ထားရလို့တဲ့၊ မ၀ါလိုက်သွားမှ ဖြစ်တော့မယ်။ လခလဲ နောက်နေ့မှထုတ်တော့မယ်၊ မစောင့်နိုင်တော့ဘူး၊ မ၀ါကို ပိုက်ဆံလေးရာလောက် ချေးလိုက်စမ်းပါ၊ အဖေ ဘာတွေဖြစ်ကုန်ပြီလဲ မသိဘူး။ မ၀ါမှာ ငွေမပါသွားလို့ မဖြစ်ဘူး၊ မြ... အားတော့နာပါရဲ့ကွယ် ဒီငွေလေးရာ မ၀ါ ခဏယူသွားမယ်နော်၊ မနက်ဖြန်မှ ပြန်ယူတော့၊ မ၀ါမှာ ကူညီမဲ့သူဆိုလို့ မြတို့ပဲရှိတယ်၊ သွားမယ်နော်မြ... မနက်ဖြန် ဆက်ဆက်ပြန်ပေးမယ်”

ပြောပြောဆိုဆို ပိုက်ဆံလေးရာကိုကောက်ပြီး ခြင်းကိုဆွဲလို့ မ၀ါ တစ်ချိုးတည်းလစ်ခဲ့တယ်။ အမလေး... ပိုင်လိုက်တဲ့ ငါ့အမူအရာ၊ လက်ထဲက ငွေလေးရာကို ပီတိပြုံးနဲ့ကြည့်ရင်း မ၀ါခြေလှမ်းတွေက ဗိုလ်ချုပ်ဈေးဆီ၊ အဖေ့ဆေးဖိုးအတွက် တစ်ရာဖယ်ပြီး ကျန်တာကို ကိုလွင့်အတွက် ပုဆိုးလှလှလေးတစ်ထည် မြမာလာမှာ ၀င်ဝယ်ပေးလိုက်မယ်။ မနက်ဖြန် ဟိုမိန်းမ လာတောင်းရင် “အားနာလိုက်တာ မြရယ်၊ မ၀ါလဲ ငွေမလွယ်တော့ဘူး၊ မြယူထားတဲ့ ငွေနဲ့ချေလိုက် ပါတော့နော်” လို့ ပြောပစ်လိုက်မယ်၊ ဘာရမလဲ၊ သူတတ်သမျှ ပညာတွေ မ၀ါလဲတတ်သွားပြီ။

“အားနာတယ်... အားနာတယ်နဲ့ ကိုယ့်ဆီက ရိတ်သွားတဲ့သူတွေကို ကိုယ်ကလည်း အားနာတယ်ဆိုပြီး ပြန်ခုတ် လိုက်တော့လည်း အဆင်ပြေသွားတာပေါ့၊ ဟင်း... ဟင်း... ဟင်း... ။


သင် (ဆေး- ၁)

------------------------------------------------------------------------------------------------------------------------

မြင်ကွင်း (၃) ကို ဆက်လက်ဖော်ပြပါမည်။