ကိုယ့်အကြိုက် (ပထမဆုံး တဂ်ပို့စ်)

Category:

ချစ်ခင်ရပါတဲ့ မမသီတာ တဂ်လုပ်တယ်ဆိုတော့ ဘာများလဲလို့ ရင်ထိတ်သွားသေးတယ်။  ဟိုတစ်ခါ လုပ်အားပေးကျောင်းမှာ ဇွန့်ကို မြန်မာဝတ်စုံလေးနဲ့ တွေ့လိုက်လို့ သဘောတွေကျ အထင်တွေကြီးပြီး ဒီညီမလေးမှာတော့ အဲလိုဝတ်စုံတွေ အများကြီးရှိမယ်ထင်လို့များ တဂ်လိုက်ပါသလား မမရေ။ တကယ်တော့ ဇွန်က အဲဒါလေးပဲရှိလို့ ရှိတာလေးကိုပဲ ထုတ်ထုတ်ပြီး လုပ်စား...အဲ.. ဝတ်စားနေသူပါ။

ဇွန်ငယ်ငယ်က လုံချည်သိပ်မဝတ်ဖြစ်ဘူး။ ရှစ်တန်းနှစ်ရောက်မှ ကျောင်းစိမ်းလုံချည်စဝတ်ပါတယ်။ ပိန်ပိန်လေးဆိုတော့ အခုထက်ပိုကြည့်လို့ကောင်းခဲ့မယ်ထင်တယ်။ အပြင်တွေဘာတွေထွက်ဖြစ်ရင်လည်း လုံချည်သိပ်မဝတ်ဖြစ်ဘူး။ မှတ်မှတ်ရရ ဆယ်တန်းစာမေးပွဲအတွက် ဆုယူတုန်းက အဖေပို့လိုက်တဲ့ ဂျပန်ကီမိုနိုပန်းရောင်ခံမှာ ချယ်ရီပွင့်လေး တွေပါတဲ့ လုံချည်ဝတ်ခဲ့တယ်။  အမေက အပြာရောင်ဝတ်တယ်။ အရောင်ကွဲပေမယ့် သားအမိနှစ်ယောက် အပွင့်တူအဆင်တူပေါ့။ အဲဒီ့ကီမိုနိုလေးကို သိပ်ကြိုက်ပါတယ်။

ဇွန်က ဂျီးမများတတ်တော့ ငယ်ငယ်တည်းက အမေဆင်ပေးတာမှန်သမျှ အကုန်ဝတ်တယ်။ ဟိုတုန်းက အမေကလည်းပိန်တော့ သားအမိနှစ်ယောက်ဆိုဒ်သိပ်မကွာလို့ တစ်ချို့ဝမ်းဆက်ကောင်းကောင်းလေးတွေဆို အမေမဝတ်တော့ဘဲ ဇွန့်အတွက် သိမ်းထားပေးတယ်။ လုံချည်အမျိုးအစားတော့ သိပ်မခွဲတတ်ဘူး။ ဘီဘဲလ်လုံချည်တွေ ဝတ်ဖူးတယ်။ ယောလုံချည်ဝတ်ဖူးတယ်။ စိန်မိုက်ကယ်ဝတ်ဖူးတယ်။ အိရှန်လိုပျော့ပျော့အသားလေးတွေလည်း ၀တ်ဖူးတယ်။  ရခိုင်လုံချည် ရေညှိစိမ်းရောင်လက်ဆောင်ရဖူးပေမယ့် မ၀တ်ဖြစ်လိုက်ဘူး။ ခုအသက်အရွယ်ထိ တစ်ခါမှ မ၀တ်ဖူးသေးတာတော့ ပါတိတ်ဝမ်းဆက်ပါ။

နောက်ထပ်ကြိုက်မိတဲ့ တစ်ထည်က အပြာနုရောင်လွင်လွင်အခံပေါ်မှာ နီညိုရောင်ကနုတ်သဏ္ဍာန်ဒီဇိုင်းကို ရွှေရောင်ကွပ်ထားတာ။ အမေ့အတွက် အဖေ၀ယ်ပေးတာပါ။ ချုပ်ပြီးတော့ အမေက ဇွန့်ကိုပဲအရင်ပေးဝတ်ပြီး ပွဲထုတ်လိုက်ပါရော။ အဲဒါလေးက ဇွန်နဲ့လည်းလိုက်ပြီး သိပ်ကြိုက်တာမို့ အလျင်းသင့်သလို ခဏခဏ၀တ်ဖြစ်ပါတယ်။ နောက်တစ်ထည်က အ၀ါခံမှာ အမည်းနဲ့ရွှေချည်ထိုးစပ်ထားတာ (အဲဒါလည်း အဖေ၀ယ်ပေးတာပါ)။ အစ်မ၀မ်းကွဲမင်္ဂလာဆောင်မှာ တစ်ခါလားဝတ်ပြီး ထပ်မ၀တ်ဖြစ်တော့ဘူး။ အရောင်တောက်တော့ ပွဲနေပွဲထိုင်ကျမှ ၀တ်လို့ကောင်းတာကိုး။ သိပ်ကြိုက်ပြီး မ၀တ်ဖြစ်ဘဲ အလွမ်းပြေထုတ်ကြည့်ရုံဖြစ်သွားတာ။

ဇွန်ကျောင်းပြီးလို့ မြန်မာပြည်ပြန်သွားတဲ့အခါ အမေ့သမီးပိန်ပိန်လေးဘ၀ကနေ ၀၀လေးဘ၀ပြောင်းသွားလို့ အရင်ဝတ်ခဲ့တဲ့လုံချည်အင်္ကျီတစ်ထည်မှ မတော်တော့ပါဘူး။  စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာတတ်နိုင်မလဲကွယ်။ မျှော်လင့်တကြီးနဲ့ ဓာတ်ပုံစောင့်ကြည့်မယ့် အစ်မသီတာအတွက် ခုလောလောဆယ် ဇွန်ရဲ့ ရှိစုမဲ့စု သုံးထည်ကို ထုတ်ပြရပါတော့မယ်။ ချည်းသားစစ်စစ်တော့မဟုတ်ဘူး၊ ဆီလွန်လို့ သူငယ်ချင်းက ပြောပါတယ်။ သုံးထည်လုံး  ဒူးနားချိတ်ဖြစ်နေတယ်။ ပွဲနေပွဲထိုင် အကောင်းစားလည်း မဟုတ်ပါဘူး။ သင့်ရုံပါပဲ။ ဘုန်းကြီးကျောင်းသွား ကျောင်းတက်အတွက်တော့ အဆင်ပြေပါတယ်။

မသီတာအကြိုက် ခရမ်းပြာလေးက ပွဲတိုင်းကျော်တဲ့ ကိုယ့်ဖာသာကင်ပွန်းတပ်ထားတာ။ ၀မ်းဆက်ဆိုလို့ ဒါလေးပဲရှိတာပါရှင်။ စင်္ကာပူက ဘုန်းကြီးကျောင်းလေးကျောင်းမှာ ငါးခါဝတ်ပြီးပြီဆိုကတည်းက သဘောပေါက်။ အံမယ် ဒါလေးဝတ်လိုက်တိုင်း ကြည့်လို့ကောင်းတယ်လို့ ပြောကြတာပဲ။ (ဓာတ်ပုံထဲမှာကျတော့ အပြင်မှာလောက် အရောင်မတောက်တော့ဘူး အစ်မရေ)

ညာစွန်က အနီရင့်ရောင်က တလောကမှ အမေ့ကိုလှမ်းမှာလို့ ထည့်ပေးလိုက်တာ။  မြန်မာပြည်မှာတုန်းက  ပိတ်ဖောက်ဇာပန်းရောင်နဲ့တွဲဝတ်ဖူးတယ်။ ခုတော့ အဲဒါနဲ့ဝတ်ရမယ့်အင်္ကျီ မတော်တော့လို့  တွဲဝတ်ဖို့ အပေါ်အင်္ကျီ ရှာနေတုန်း။ (ခရမ်းနဲ့အနီကို တစ်ယောက်သောသူက ၀ယ်ပေးခဲ့တာ၊ အမေက ၀ယ်ပေးတဲ့သူကို ချီကျူးလိုက်တာ၊ သူ့သမီးနဲ့လိုက်ဖက်တဲ့အရောင် ၀ယ်တတ်လိုက်တာတဲ့၊ အမှတ်တရတွေပေါ့နော်)

အလယ်က လုံချည်ကို ဇွန့်ငယ်သူငယ်ချင်း မင်္ဂလာဆောင်တက်ဖို့ ရည်ရွယ်ပြီး ၀ယ်ဖြစ်တာ။ အပေါ်အင်္ကျီက ကိုးရီးယားပိုးလို့ပြောတဲ့ ခပ်ပြောင်ပြောင်ကရင်မ်ကာလာလေးနဲ့ သူငယ်ချင်းမင်္ဂလာဆောင်ကို ပထမဆုံးအကြိမ် ကိုယ့်ဖာသာလူကြီးလုပ်ပြီးတက်ရတုန်းက ၀တ်ခဲ့တာ။ ရုံးဒင်နာတွေဘာတွေကျရင် မြန်မာဝတ်စုံ ၀တ်ချင်ဝတ်လို့ရအောင်ဆိုပြီး ယူလာခဲ့ပေမယ့် စကာင်္ပူရောက်ပြီးမှ တစ်ခါမှ အ၀တ်မခံရသေးပါကြောင်း။ 

ရှိစုမဲ့စုသုံးထည်လို့ပြောပေမယ့် ဒီသုံးထည်စလုံးကို ဇွန်သိပ်ကြိုက်ပါတယ်။ လုံချည်အားလုံးစာရင်းချုပ်ကြည့်ရင်တော့ နောက်ထပ် ယောဂီလုံချည်တစ်ထည်၊ သူငယ်ချင်းဝယ်ပေးတဲ့ စိန်မိုက်ကယ်တစ်ထည်နဲ့ ရေလဲတစ်ထည်ပဲ ကျန်ပါတော့တယ်ရှင်။ (ပြန်စဉ်းစားကြည့်မှ လုံချည်အားလုံးလိုလို ကိုယ်တိုင်မ၀ယ်ရဘဲ အဖေအမေ၀ယ်ပေးတာနဲ့ လက်ဆောင်ရတာတွေ များပါတယ်)။

အစ်မသီတာကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။ မကျေနပ်လည်း ကျေနပ်လိုက်နော်။  ပထမဆုံးတဂ်ပိုစ့်အနေနဲ့ ရှိစုမဲ့စု ရိုးရာဝတ်စုံအကြောင်းလေးရေးခွင့်ရလို့ ဇွန်က ကျေနပ်ကျေးဇူးတင်ပါတယ်လို့။း)




ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်


(ဆက်တဂ်ချင်ပါသည်)

ညက တဂ်ပို့စ်ကြွေးလေးရေးပြီး publish အမြန်လုပ်လိုက်တာ ဆက်တဂ်ချင်သူများစာရင်းထည့်ဖို့ ကျန်သွားလို့ အခုထပ်ဖြည့်ရေးလိုက်ပါပြီ။ အချိန်ရယင် ကိုယ့်အကြိုက်လေးတွေ ပေးသိပါဦးနော်။ :)

သူငယ်ချင်း မမင်းနဲ့ ကြယ်ပြာ
မမအိန္ဒြာနဲ့ မမပြာ
ညီမလေး မိုးခါး

ချစ်တဲ့
ဇွန် :D
08/02/2010

Comments ( 14 )

ရိုးရာလုံချည်လေးတွေကို မြတ်နိုးတတ်သူမှန်း သိလို့ မှတ်မှတ်ရရ တဂ်ပါတယ်။ အမှတ်တရလုံချည်လေးတွေနဲ့အတူ အလှကျက်သရေ အစဉ်တိုးပါစေလို့

ကျေးဇူးတင်စွာဖြင့်
မသီတာ

ထမီလေးတွေ လာကြည့်သွားတယ် ညီမရေ...:))

တွေ့ဖူးတယ်... အပြင်မှာ ... အပြာရောင် ဝမ်းဆက်နဲ့...

မဇွန်က အဲလိုလေးလဲ လှတယ်...

အပြာလေးနဲ့ လှမှလှ လေ...

လှတယ်။ အပြာရယ်။ ပန်းနုလေးရယ်....

I like middle one.. :)

ဟိဟိ...မမင်းကတော့ ထမီနဲ့မလိုက်ဘူး။(အဲ...ဘာဝတ်ဝတ်လည်း မလှပါဘူး)။ မဇွန်လုပ်လို့ ရှိတဲ့ ထမီလေးတွေ leggage ထဲချောင်ထိုးထားတာ ပြန်ရှာဝတ်ချင်စိတ် ပေါ်လာတယ်။

0ါးးးးးးးးးးးးးးးးးး
ကွိုင်ပဲ
ထမီဆိုလို့ အလှူနေ့ကလေ အဲဒီတထည်ပဲရှိဒါ
ဘီလိုလုပ်ရပ ..... ??????? :P
အကြိုက်ဆိုတာ မြန်မာဝတ်စုံထဲကပဲ ရေးရမှာလားဟင် ..
ညီမကတော့ ချည်ထည်လေးတွေကြိုက်တယ်
ဒါပေမယ့် ထမီတော့ မ၀တ်ဖြစ်ဘူး
ထမီ စကတ်ပဲ ၀တ်ဖြစ်တာ ..း))
ရေးပေးမယ်နော် မမဇွန်း)

ဟင့် တူများဆီက ငှားဝတ်ထားတဲ့ ဟာတွေ....ဘယ် ထမိန် ကို ပြရပါ့မလဲ ဇွန်..ရယ်...အကြံ ထုတ်လိုက်ဦးမယ်....

ဇွန်

ကိုယ်ဖြေထားတယ်နော်......

ကိုယ်ကတော့ ကဗျာတွေပဲပေါ့....

ပရိုဖိုင်းမှာ ဘရစ်တနီ့သီချင်းစားသားကို အကွက်ကျကျ တင်ထားတာ သဘောကျသွားတယ်

ယဉ်လိုက်တာ.. ကြိုက်တယ်ကွယ်..

အဆင်လေးတွေ လှတယ် ညီမလေးရေ..
အကျီ င်္အရောင်ပါပြောတော့ မျက်စိထဲ တွဲမိပြီး ပိုမြင်သွားတယ်။ တယောက်သောသူက ရွေးတတ်တယ်။ :)

လှတယ် အဲလိုမျိုးတွေ ကြိုက်တယ်။
ဒါပေမဲ့ ထမီဝတ်ရတာကိုတော့ မကြိုက်ဘူး။

မရေ .. တဂ်ကြွေး ဆပ်ပြီးဘီနော် .. စီဗုံးမတွေ့လို့ .. ဒီမှာအော်သွားတယ် .. :D