Posted by
ဇွန်မိုးစက်
|
Posted on
Thursday, July 29, 2010
Category:
Story/Short Story
“
ဘိန်းမုန့်စားချင်တယ်”
ဂျီတော့ခ်မှာ တင်ထားတဲ့ status ကို တွေ့တော့ လှမ်းပြောတယ် “ငါတောင် ဒီနေ့ပဲ စားခဲ့သေးတယ်”
“မနာလိုဖြစ်အောင် လာပြောနေပြန်ပြီ၊ စားချင်ပါတယ်ဆိုမှ”
“လူကြုံရှိရင်ပြောလေ၊ ငါဝယ်ထည့်ပေးလိုက်မယ်၊ ငါတို့ရုံးနားက ဘိန်းမုန့်အရမ်းကောင်းတာပဲ”
x x x x x x x x x x x
“ဟဲ့... ငါ့သူငယ်ချင်းတစ်ယောက် ရန်ကုန်ကို ခဏပြန်ဖို့ရှိတယ် သိလား၊ ဟိုတခါ ငါမှာထားတဲ့ စီဒီလေး သူနဲ့ထည့်ပေးလိုက်နော်”
“အေးပါ...၊ နင် ဘိန်းမုန့်စားချင်တယ်ဆို ငါထည့်ပေးလိုက်မယ်လေ”
“နေပါစေဟာ... နင်အလုပ်ရှုပ် မခံပါနဲ့။ ငါပြန်လာမှ နင်ဝယ်ကျွေး”
x x x x x x x x x x x
“နင့်သူငယ်ချင်းက ဘယ်အချိန်လေယာဉ်နဲ့ ပြန်မှာလဲ၊ ငါစားနေကျ ဘိန်းမုန့်ဆိုင်က ညနေမှ ဖွင့်တာဟ”
“ညနေပိုင်းဖြစ်ဖို့များတယ်၊ နင်သူ့ကို ဖုန်းဆက်ပြီး မေးကြည့်လေ”
“အေး... မနက်ပိုင်းဖွင့်တဲ့ ဘိန်းမုန့်ဆိုင်ကောင်းကောင်း ငါစုံစမ်းကြည့်လိုက်ဦးမယ်”
x x x x x x x x x x x
“မနက်ပိုင်း ဘိန်းမုန့်ရတဲ့ဆိုင် ငါမေးထားပြီးပြီ။ နင့်သူငယ်ချင်းနဲ့ ထည့်ပေးလိုက်မယ်”
“ထည့်ပေးမယ်ဆိုရင်လည်း ဘူးလေးနဲ့သေချာထည့်ပေးနော်”
“အေးပါ”
x x x x x x x x x x x
“ဘိန်းမုန့်စားလို့ အဆင်ပြေရဲ့လား”
“အင်း...အဆင်ပြေတယ်၊ စားလို့ကောင်းတယ်၊ ကျေးဇူးပဲဟာ”
“ရပါတယ်၊ နင်ကံကောင်းသွားတယ် သိလား။ ငါမနက် ၇နာရီကတည်းက ဆိုင်ရှေ့မှာသွားစောင့်နေတာ။ သူတို့က ၈နာရီအထိ မလုပ်သေးတာနဲ့ ငါလည်း ၉နာရီခွဲလောက်မှ တစ်ခေါက်ပြန်သွားတော့ လူတန်းက အရှည်ကြီးပဲ။ ရမှရပါ့မလားတောင် စိုးရိမ်သွားတာ။ တော်သေးတယ်... အဲဒါနောက်ဆုံးတစ်ခုပဲ။”
“ငါသိပ်စားချင်နေလို့ ဖြစ်မှာနော်”
“အင်း...”
x x x x x x x x x x x
စားချင်နေသူရဲ့ဆန္ဒကပဲ သိပ်ပြင်းပြခဲ့သလား၊ စားစေချင်သူရဲ့ စေတနာကပဲ ကြီးမားနေတာကြောင့်လား။ ဘိန်းမုန့်လေးတစ်ချပ်က သယ်ဆောင်ပေးလာသူနဲ့အတူ လေယာဉ်ပျံစီးပြီး ရောက်လာခဲ့တယ်။ ပလတ်စတစ်ဘူးထဲက ကတ်ကြေးကိုက်ထားတဲ့ မေတ္တာစေတနာတွေ အပြည့်ပါဝင်နေတဲ့ ဘိန်းမုန့်လေးက တကယ်ပဲ အရသာရှိလွန်းရဲ့။
ဇွန်မိုးစက်
Posted by
ဇွန်မိုးစက်
|
Posted on
Wednesday, July 21, 2010
Category:
Memoirs
,
Story/Short Story
အဲဒီ့နေ့ကို ကျွန်တော် အမြဲအမှတ်ရနေခဲ့တယ်။ ကျောင်းပိတ်ရက်အတွင်း အိမ်ဆောက်ဖို့အရေးကိစ္စမှာ ၀င်ကူဖို့ကလွဲလို့ ကျန်တာသိပ်စိတ်မ၀င်စားတဲ့ ကျွန်တော့်ကို အမေက အင်္ဂလိပ်စာသင်တန်း သွားတက်ခိုင်းတယ်။ ကျွန်တော်နဲ့ ၁၀တန်းတုန်းက ၀ိုင်းကျူရှင်အတူတက်ခဲ့တဲ့ ယောက်ျားလေးသူငယ်ချင်းတစ်ချို့လည်း သူတို့အိမ်က တက်ခိုင်းတာနဲ့ မလွန်ဆန်နိုင်ဘဲ ဗြိတိသျှကောင်စီကဖွင့်တဲ့ အင်္ဂလိပ်စာသင်တန်းကို တက်ဖြစ်သွားတယ်ဆိုပါတော့ဗျာ။
သင်တန်းစဖွင့်ဖွင့်ခြင်းနေ့မှာ အတန်းမစသေးခင် ကင်တင်းနားက လှေကားထိပ်ကော်ရစ်ဒါမှာ လာဆုံတဲ့ ကျွန်တော်တို့ အုပ်စု စကားရပ်ပြောနေကြတယ်။ ယောက်ျားလေးတို့ ထုံးစံအတိုင်း ရှေ့မှာဖြတ်သွားသမျှ ကောင်မလေးတွေ၊ လှေကားပေါ်တက်လာသမျှ မိန်းကလေးတွေကို မသိမသာရော၊ သိသိသာသာပါ မျက်စိကစားကြတယ်။ သိတဲ့အတိုင်း BC မှာလာတက်တဲ့ မိန်းကလေးတော်တော်များများက အပျံစားဝတ်ထားတာ၊ အပြင်မှာဆို ဒီလောက်ဘယ်ကြည့်ခွင့် ရနိုင်ပါ့မလဲ။ ခုလို ရတဲ့အချိန်လေး... အချိန်လေးမှာ...
ကျွန်တော်မျက်နှာမူရာ လှေကားပေါ်ကို တက်လာနေတဲ့ ကောင်မလေးတစ်ယောက်။ လိမ္မော်ရောင် အပွင့်လေးတွေပါတဲ့ အင်္ကျီနဲ့ လိမ္မော်ရောင်ပြောင်ထမီကို တွဲဝတ်ထားတယ်၊ ကြိုးသိုင်းဖိနပ် အနီလေးစီးလို့။ သူကပဲ လိမ္မော်ရောင် ၀တ်ထားလို့ ထင်ရှားနေပြီး ကျွန်တော်သတိထားဖြစ်သွားတာလား မပြောတတ်ဘူး၊ သူ့ကို ကြည့်မိလိုက်တာနဲ့ တပြိုင်နက် ကျွန်တော့်ရင်တွေ နွေးခနဲ ဖြစ်သွားတယ်။ “ချစ်စရာလေး” လို့ ကျွန်တော့်စိတ်ထဲ အလိုလို ရေရွတ်မိသွားတယ်။ မျက်ခုံးနက်အောက်က မျက်လုံးဝိုင်းဝိုင်းတစ်စုံက ကျွန်တော်တို့အုပ်စုရှိရာကိုလွန်ပြီး အပေါ်ထပ်ကို ရောက်သွားတယ်။ ပြီးတော့ တစုံတရာကို ရှာနေပုံနဲ့ အပေါ်ထပ်ကို တက်သွားတယ်။ ကျွန်တော့်သူငယ်ချင်းတွေ ကျွန်တော့်ကို ဘာလှမ်းပြောနေမှန်း မသိဘူး၊ ကြားလည်းမကြားတော့ဘူး။ ကျွန်တော့်စိတ်က လိမ္မော်ရောင်နဲ့ ကောင်မလေးဆီ ပါသွားတယ်ဆိုတာ သူတို့မသိလိုက်ဘူး။
နောက်တော့ ကျွန်တော်တို့အုပ်စု တက်ရမယ့် စာသင်ခန်းထဲရောက်သွားတယ်။ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၂၂ယောက်ရှိတယ်။ ဆရာမက သိပ်အသက်မကြီးသေးဘူး။ ကျွန်တော်လည်း အခန်းထဲမှာ ရှိနေတဲ့ကောင်မလေးတွေကို လှမ်းပြီး အကဲခတ်လိုက်တယ်။ အားလုံး မဆိုးဘူး။ ဆရာမက လူစုံမစုံစစ်ပြီး အင်္ဂလိပ်လိုပဲ ပြောကြဖို့မှာတယ်။ ရုတ်တရက် အခန်းဝမှာ လိမ္မော်ရောင်လေး လာရပ်တယ်။ ဗြုန်းဆို ကျွန်တော့်ရင်တွေခုန်သွားတယ်။ ပြီးတော့ သူနဲ့ နောက်မိန်းကလေးတစ်ယောက် ဆရာမကို ခွင့်တောင်းပြီး အခန်းထဲဝင်လာတယ်။ ကျွန်တော် ဘယ်လောက် ပျော်သွားမယ်ဆိုတာ မှန်းကြည့်ပေါ့ဗျာ။
အတန်းစတော့ ဆရာမက ယောက်ျားလေးနဲ့ မိန်းကလေးတစ်ယောက်စီ တွဲပေးလိုက်ပြီး တစ်ယောက်အကြောင်း တစ်ယောက် အင်္ဂလိပ်လိုပြော ဖလှယ်ပြီးရင် ပြန်ချရေးဖို့ လေ့ကျင့်ခန်းစာရွက်တွေ ပေးလိုက်တယ်။ ဟာဗျာ... ကျွန်တော့်သူငယ်ချင်း ငထိုက်ဆိုတဲ့ကောင်က လိမ္မော်ရောင်လေးနဲ့အတူ ကျသွားတာ၊ ဒီကောင် ကောင်မလေး အကြောင်း တထိုင်တည်းနဲ့ သိသွားမှာ ကျွန်တော် မနာလိုလိုက်တာ။ မိန်းကလေးဦးရေက ပိုနည်းနေလို့ ထပ်တွဲစရာ မိန်းကလေးမရှိတော့ ကျွန်တော်နဲ့တစ်ချို့ကျောင်းသားတွေက ယောက်ျားလေးအချင်းချင်းပဲ ပြန်တွဲရတယ်။ ကိစ္စမရှိပါဘူး။ လိမ္မော်ရောင်လေးနာမည်သိအောင် ကျွန်တော် အရင်ကြိုးစားလိုက်ဦးမယ်။
ဒီလိုနဲ့ ကျွန်တော်သိပ်စိတ်မပါဘဲ အိမ်ရဲ့တိုက်တွန်းမှုကြောင့် တက်ရောက်ခဲ့တဲ့ အင်္ဂလိပ်စာသင်တန်းကို သူလေးကြောင့် အတန်းတစ်ရက်မှ မပျက်ဘဲ စိတ်ပါလက်ပါ မှန်မှန်တက်ဖြစ်သွားတယ်။ တစ်ရက် သင်တန်းက လေ့ကျင့်ခန်းတစ်ခုမှာ အမျိုးသား အမျိုးသမီး အပြန်အလှန် စကားပြောခန်းတွေ ပါတော့ ဆရာမက ထုံးစံအတိုင်း လိုက်တွဲပေးပြီး ပြောခိုင်းတာ၊ ကျွန်တော်နဲ့သူ့အလှည့် ကျတယ်။ ကျွန်တော် ၀မ်းသာလိုက်တာ မပြောပါနဲ့တော့။
နောက်တစ်ခါကျတော့ ပိုမိုက်သွားတယ်။ သူနဲ့ကျွန်တော် လေ့ကျင့်ခန်းတစ်ခုကို မျက်နှာချင်းဆိုင်ပြီး အတူတူ တွဲလုပ်ခွင့်ရတယ်။ ကျွန်တော်က စာမလုပ်ဘဲ သူ့မျက်နှာလေးကို ငေးကြည့်နေမိတာ သူရိပ်မိသွားတယ်။ ဒါပေမဲ့သူက တစ်ခြားမိန်းကလေးတွေလို ရှက်ကိုးရှက်ကန်း မဖြစ်ဘဲ နင့်အလှည့်ရောက်ပြီ ပြောတော့လေလို့ ခပ်တည်တည်နဲ့ပြောမှ ကျွန်တော် သတိရသွားပြီး ရှက်ရှက်နဲ့ စာအုပ်ကို ပြန်ကြည့်ရတယ်။ (အဲဒီ့အကြည့်ကြောင့် ကျွန်တော့်ကို သူ သတိထားမိသွားကြောင်း ချစ်သူဖြစ်ပြီးနောက်ပိုင်း သူပြောပြလို့ ကျွန်တော်သိရတယ်)
အတန်းထဲမှာ သူ့ကို စိတ်ဝင်စားနေတာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာ ယောက်ျားလေးချင်း သိနေတယ်ဗျ။ ဟိုကောင်... ငထိုက်တောင်ပါသေး။ ကံကောင်းချင်တော့ တစ်ချိန်လေ့ကျင့်ခန်းလုပ်ရင်းနဲ့ သူ့ဖုန်းနံပါတ် သိခွင့်ရတယ်။ ရပြီးအတော်ကြာအောင် ကျွန်တော် မဆက်ရဲသေးဘူး။ ဒီလိုနဲ့ပဲ သင်တန်းကာလပြီးတော့မှာ။ သူနဲ့ကျွန်တော် ခင်မင်ရင်းနှီးခွင့်တောင် မရသေးဘူး။ သူ့ဆီမှာလည်း ကျွန်တော့်ဖုန်းနံပါတ်ရှိတယ်။ ဒါပေမဲ့ သူ့လို မိန်းကလေးမျိုးက ဘယ်တော့မှ စဆက်မှာ မဟုတ်ဘူးဆိုတာ ကျွန်တော်သိနေတော့...။ ကိုယ်ချစ်မိနေတဲ့ မိန်းကလေးတစ်ယောက်ဆီ ရင်ခုန်စွာ၊ ကြည်နူးစွာနဲ့ ဖုန်းဆက်ရင်း စကားတွေပြောဖြစ်ခဲ့တယ်။ အဲဒီ့ကနေမှ တစ်ဆင့်... နောက်လပေါင်းများစွာ ကြာတဲ့အခါ... ကျွန်တော့်ဆန္ဒ ရှိခဲ့တဲ့အတိုင်း သူလေးက ကျွန်တော့်ရဲ့ ချစ်သူဖြစ်လာခဲ့တယ်ပေါ့ဗျာ။
ချစ်သူဖြစ်ပြီးနောက်ပိုင်း သူနဲ့ကျွန်တော် အရင်တုန်းက အကြောင်းတွေ ပြန်ပြောရင်း ချစ်သူကို စတွေ့တဲ့နေ့အကြောင်း ရောက်သွားတယ်။ အဲဒီ့နေ့က ချစ်သူဘာဝတ်ထားပြီး ဖိနပ်ဘာအရောင် စီးထားတယ်ဆိုတာကအစ မှတ်မိနေတဲ့ အကြောင်း ကျွန်တော်ပြောတဲ့အခါ ချစ်သူက ငြိမ်သက်စွာ၊ ကျေနပ်ကြည်နူးစွာနဲ့ နားထောင်နေတတ်တယ်။ တစ်ရက်တော့ မနက်စောစောစီးစီး ဖုန်းလာတယ်။ အိပ်ချင်မူးတူးဖြစ်နေတဲ့ ကျွန်တော့်ကို အသံချိုချိုလေးက မေးတယ်။ “မောင်... ဒီနေ့ ဘာနေ့လဲ သိလား” တဲ့။ ကျွန်တော်လည်း ကဗျာကယာ အမြန်စဉ်းစားရတာပေါ့၊ ကျွန်တော်တို့ ချစ်သူဖြစ်တဲ့ နှစ်ပတ်လည်လည်း မဟုတ်၊ ချစ်သူများနေ့နဲ့လည်း အဝေးကြီး၊ ကျွန်တော့်ဘက်က အသံတိတ်နေတော့ ချစ်သူက ထပ်မေးတယ်။ “မောင် မမှတ်မိဘူးလား၊ ဒီနေ့ ဇူလိုင်လ ၂၂ရက်လေ”
ဟုတ်သားပဲဗျာ...လွန်ခဲ့တဲ့ တစ်နှစ်တိတိက ကျွန်တော့်ကို အချစ်ဆိုသောအရာနဲ့ မိတ်ဆက်ပေးခဲ့တဲ့ ချစ်သူကို ပထမဆုံး တွေ့ဆုံခဲ့တဲ့နေ့ပဲ။ ကျွန်တော်က ဘယ်နေ့ဘယ်ဝါ ရက်စွဲ အတိအကျ မမှတ်မိပေမယ့် ချစ်သူက မှတ်မိနေတယ်။ နောက်နှစ် နောက်နှစ်တွေမှာ ကျွန်တော် ဘယ်တော့မှ မမေ့တော့ဘူး။ တစ်နှစ်မှာ ကျွန်တော်က အရင်ဦးလို့ ပြန်မေးလိုက်သေးတယ်။ “ဟန်နီ...ဒီနေ့ ဘာနေ့လဲ သိလား” ချစ်သူက ရုတ်တရက်ကြောင်သွားပြီးမှ... “သိတာပေါ့၊ ဒီနေ့ ဇူလိုင် ၂၂ ရက်လေ” လို့ အပြုံးလေးစွက်လို့ ဖြေခဲ့တယ်။
ဇွန်မိုးစက်
Posted by
ဇွန်မိုးစက်
|
Posted on
Saturday, July 17, 2010
Category:
In life
,
Memoirs
“ပန်းမျိုးတစ်ထောင်” ဆိုတာ ကိုယ်တို့အထက်တန်းကျောင်းက ထုတ်ဝေခဲ့တဲ့ ကျောင်းမဂ္ဂဇင်းရဲ့အမည်ပါ။ ၉၄ ခုနှစ်က စတင်ထုတ်ဝေခဲ့ပါတယ်။ နောက်ပိုင်း ဘယ်နှစ်အထိ ဆက်တိုက် ထုတ်ဝေဖြစ်ခဲ့သလဲ မသိတော့ပေမယ့် ကိုယ်တို့အတွက် နှစ်နှစ်စာ နှစ်အုပ် မှီလိုက်ပါတယ်။ မဂ္ဂဇင်းထဲမှာ ဆရာမများနဲ့ ကျောင်းသူများရဲ့ စာပေအနုပညာလက်ရာတွေကို တစ်နေရာထဲမှာ စုံစုံညီညီ တွေ့ရ၊ သိရပါတယ်။ လောကီ၊ လောကုတ္တရာ နယ်ပယ်အသီးသီးမှာ ထူးချွန်ကြသူများ အကြောင်းကိုလည်း အားကျဝမ်းမြောက်စွာ ဖတ်ရပါတယ်။ ကျောင်းမဂ္ဂဇင်း စရပြီးကတည်းက ကိုယ်လည်းအဲလို ထူးချွန်ပြောင်မြောက်သူစာရင်းထဲမှာ တစ်ယောက်အပါအ၀င် ဖြစ်ချင်တဲ့ဆန္ဒ တိတ်တခိုး ရှိခဲ့ဖူးတာ။ ဒသမတန်းမှာ ဘာသာစုံဂုဏ်ထူးရချင်လို့ အပတ်တကုတ် ကြိုးစားခဲ့တာ မှတ်မိနေပါတယ်။
အထူးသဖြင့် ဂုဏ်ထူးရဖို့ ခဲယဉ်းတယ်ဆိုကြတဲ့ မြန်မာစာနဲ့ အင်္ဂလိပ်စာမှာ ဂုဏ်ထူးရချင်တာ။ ကျန်တဲ့သုံးဘာသာက ဂုဏ်ထူးထွက်ဖို့ ဒီလောက်မခက်ဘူးလေ။ ရှစ်တန်းမှာ မြန်မာစာဂုဏ်ထူးပြုတ်ခဲ့တော့ ကိုးတန်းမှာ လက်ရေးလှနဲ့ သေချာပြန်လေ့ကျင့်တာ။ အင်္ဂလိပ်စာကိုလည်း သေသေချာချာ လက်နဲ့ရေးဖြေပြီးကို ကျင့်ခဲ့တယ်။ ဖြစ်ချင်တော့ အဲဒီ့နှစ်က အင်္ဂလိပ်စာနဲ့ ၀ိဇ္ဇာတွဲ (လူမှုရေး) ဘာသာရပ်နှစ်ရပ်မှာ ဂုဏ်ထူးပြုတ်ကြတာ။ သုံးဘာသာဂုဏ်ထူးရသူ အရေအတွက်က လေးဘာသာနဲ့ ငါးဘာသာထွက်သူထက် အများကြီးများခဲ့ပါတယ်။ ကိုယ်တို့နှစ်က မြန်မာစာနဲ့ သင်္ချာဂုဏ်ထူးထွက်သူ အရေအတွက်ဟာ အရင့်အရင်နှစ်များထက် စံချိန်ချိုးခဲ့ကြောင်း ဆုပေးပွဲနေ့မှာ ဆရာမများပြောလို့ သိရတော့ သိပ်ဝမ်းသာမိပါတယ်။
မြန်မာစာကို အပြင်ကျူရှင်မှာ မယူခဲ့ဘဲ ကျောင်းကထုတ်ပေးတဲ့ နုတ်စ်တွေနဲ့ပဲ ကျက်မှတ်ခဲ့တာ။ ကိုယ်တို့ ဒသမတန်း (ခ) မှာတင် မြန်မာစာအမှတ် ၈၀ ရသူ သူငယ်ချင်း သုံးယောက်တောင် ရှိခဲ့ပါတယ်။ အတန်းထဲက တစ်ယောက်ကပဲ တစ်ပြည်လုံးမှာ မြန်မာစာ တတိယအမှတ်အများဆုံး ရပါတယ်။ မြန်မာစာဆရာမကြီး ဒေါ်ခင်ညွန့်ရဲ့ ကျေးဇူးကြောင့်ပါ။ ကိုယ်တိုင်လည်း အင်္ဂလိပ်စာဂုဏ်ထူးမရခဲ့သည့်တိုင် မြန်မာစာ ဂုဏ်ထူးပါလို့ ကျေနပ်ခဲ့ပါတယ်။ အရောင်အသွေး တောက်ပစွာ၊ အမျိုးအစား စုံလင်စွာနဲ့ အပြိုင်အဆိုင် ဖူးပွင့်ကြတဲ့ ပန်းမျိုးတစ်ထောင်ထဲက ကိုယ်ဟာ မထင်မရှား ပန်းတစ်ပွင့် ဖြစ်ခဲ့ပေမယ့် ကျေနပ်ပါတယ်။
ကျောင်းနဲ့ပတ်သက်ပြီး တစ်ခါတုန်းက
ဒီပို့စ်မှာ ရေးဖူးပါတယ်။ ကိုယ်ဘ၀ရဲ့ အမှတ်ရပျော်ရွှင်စရာ ရွှေရောင်လွှမ်းတဲ့ နေ့ရက်များကို ပြောပါဆိုရင် သူငယ်တန်းကနေ ဒသမတန်းအထိ ကျောင်းတော် လသာ ၂ မှာ ပညာဆည်းပူးခဲ့တဲ့ အချိန်များပါပဲ။ အပူအပင်ကင်းစွာ၊ ဖြူစင်သန့်ရှင်းစွာနဲ့ ကလေးဘ၀ကနေ ဆယ်ကျော်သက်ဘ၀အထိ ရယ်မော ပြုံးပျော်စွာ အတန်းပညာ သင်ယူလေ့လာခဲ့တဲ့ အချိန်များဟာ ဘ၀မှာ အချိုမြိန်ဆုံးပါပဲ။
သူငယ်တန်းကနေ နှစ်တန်းလောက်အထိ စာသင်ရာ အဆောင်ကလွဲလို့ ဘယ်မှလျှောက်မသွားရဲပါဘူး။ ကိုယ်တို့ စိတ်ထဲမှာ ကျောင်းကြီးက သိပ်ကျယ်သိပ်ကြီးဆိုတော့ အတန်းထဲကို အချိန်မှီ ပြန်မရောက်မှာ စိုးတာရယ်၊ စာသင်ဆောင် ပြန်ရာလမ်း မမှတ်မိမှာ စိုးတာရယ်နဲ့ပဲ ကိုယ်နဲ့ သူငယ်ချင်းတစ်သိုက် တစ်ခြားလျှောက်မသွားဘဲ အနီးအနားမှာပဲ ကစားခဲ့ကြတာ။ သုံးတန်းလောက်ရောက်တော့ အတန်းကြီးအစ်မတွေက အချစ်တော်လာဖွဲ့တာ ကြောက်တာနဲ့ အိမ်သာထဲ သွားပုန်းနေရတာ။ လေးတန်းနှစ်မှာ ဘယ်တော့မှ မမေ့နိုင်တဲ့ နေ့ရက်တစ်ရက်ကို ဖြတ်ကျော်ခဲ့ရတာ။
ငါးတန်းနှစ်မှာ ကျောင်းစာကြည့်တိုက်က ဘုရားရုပ်ပွားတော်ရဲ့ ရင်အုံက မို့နေတယ် သတင်းကြားလို့ ကျောင်း ရောက်ရောက်ချင်း လွယ်အိတ်ချပြီး စာကြည့်တိုက်မှာ ကြိတ်ကြိတ်တိုးပြီး ကြည့်ခဲ့ကြတာ။ မင်းသားပြေငြိမ်းရဲ့ အသုဘကို အတန်းကြီးအစ်မတွေက ကျောင်းကစောထွက်ပြီး သွားကြမယ်လို့ သတင်းရလို့ သွားချောင်းကြည့်ကြတာ၊ ရှစ်တန်းနှစ်မှာ နေအောင်နဲ့ မို့မို့မြင့်အောင် ကျောင်းမှာ “ချစ်ရည်စား” ရုပ်ရှင်အတွက် လာရိုက်တာကို သူငယ်ချင်းနဲ့ နှစ်ယောက် အိမ်သာသွားမယ်ဆိုပြီး ကတ်ပြားယူပြီး အပြေးအလွှား သွားကြည့်ကြတာ၊ အဲဒီနှစ်က အာဆီယံမှာ ဒုတိယရခဲ့တဲ့ မြန်မာဘောလုံးအသင်းကို ကျောင်းရှေ့ထွက်ပြီး ကြိုကြရတာ၊ (သိတယ်မဟုတ်လား... ဂိုးသမား အောင်ကျော်ကျော်တို့ နာမည်ကြီးတဲ့ အချိန်ကပေါ့)။
ကိုးတန်းနှစ်မှာ ကျောင်းအမှတ်တရ ပြက္ခဒိန်ရိုက်ဖို့အတွက် အရွေးခံခဲ့ရတာ (ဒါပေမဲ့ မိတ်ကပ်လိမ်းရမှာ ကြောက်တာနဲ့ အရွေးခံထားရတဲ့ ကိုယ်နဲ့ နောက်သူငယ်ချင်းတစ်ယောက်က အောင်ထွန်းနိုင် (ပြည်မြန်မာ) ကို ခွင့်တောင်းပြီး နှုတ်ထွက်လိုက်တယ်။ ပြက္ခဒိန်ထွက်မှ နောင်တရမိတာလေ၊ ခေတ်အလိုက် ၀တ်စားဆင်ယင်ပြီး ရိုက်မှာ ကြိုမှမသိခဲ့ဘဲ။ ပုဂံခေတ်၊ အင်းဝခေတ်၊ ကုန်းဘောင်ခေတ် စသဖြင့်... နောက် စစ်ကြိုခေတ်လိုမျိုးလည်း ပါတယ်၊ ဆံထုံးမြင့်မြင့်ထုံးပြီး ကျောင်းသူတွေ အားလုံး လှနေကြတာပေါ့)။ ဆယ်တန်းနှစ်မှာ နေကြတ်တဲ့နေ့တုန်းက စာသင်ဖို့ရာ စိတ်မဖြောင့်ကြလို့ ဆရာမကို ခွင့်တောင်းပြီး ဒသမတန်း (န၀ရတ်) ဆောင်ရှေ့က ရေကန်မှာ စုပြီး နေကြတ်တာကို သွားကြည့်ကြတာ။ ကိုယ်နဲ့ သူငယ်ချင်းတစ်စု ဆရာမတွေနဲ့အတူ ကထိန်မှာလုပ်အားပေးပြီး ဆွမ်းကပ်ခွင့် ရခဲ့တာ၊ မြညီလာဟောထဲမှာ တပျော်တပါး ထမင်းလက်ဆုံစားခဲ့တာ.. အားလုံး.. အားလုံးက အမှတ်ရစရာ နေ့တွေချည်းပါပဲ။
အခုဆို လသာ ၂ ပန်းခင်းထဲက ပန်းတွေဟာ အပြင်လောက တစ်နေရာစီမှာ သူ့နေရာနဲ့သူ ဖူးပွင့်ဝေဆာလို့၊ အချိန်မတိုင်ခင် ကြွေလွင့်သွားတဲ့ ပန်းတွေလည်းရှိရဲ့။ ပန်းပျိုးခဲ့သူ ဥယျာဉ်မှူးတွေလည်း အိုမင်းလို့၊ အချို့ကဖြင့် ထာဝရအိပ်မောကျခဲ့ပြီ။ ဒါပေမဲ့ ဆရာတပည့် အပြန်အလှန်ထားကြတဲ့ မေတ္တာစေတနာ သံယောဇဉ်တွေက အစဉ်အမြဲ ရှင်သန်နေဆဲ...။
ကြာခဲ့ပေမယ့် ပန်းကလေးတွေဟာ သူတို့ဘ၀မှာ အပြစ်ကင်းစင် ရယ်မောပျော်ရွှင်ခဲ့တဲ့ ရွှေရောင်နေ့ရက်အသီးသီးကို ပိုင်ဆိုင်ခဲ့ဖူးတယ်ဆိုတာ အမြဲအမှတ်ရနေကြမှာပါ။
ဇွန်မိုးစက်
Posted by
ဇွန်မိုးစက်
|
Posted on
Tuesday, July 13, 2010
Category:
Thoughts/Views
လွန်ခဲ့တဲ့သုံးနှစ်က ခင်မင်ရတဲ့ သူငယ်ချင်းတစ်ယောက်က ဖိတ်တာနဲ့ facebook လို့ခေါ်တဲ့ မျက်နှာစာအုပ်ရဲ့ အသင်းဝင်ဖြစ်သွားပါတယ်။ တကယ်တော့ အဲဒီအချိန်တုန်းက friendster ခေါ် မိတ်ဆွေကွန်ယက်မှာ ဟိုသွားဒီလည်၊ ဓာတ်ပုံတွေတင်နဲ့ တော်တော်လေး အလုပ်များနေခဲ့တာ။ friendster မှာပဲ သုံးနေကျဖြစ်လို့ မျက်နှာစာအုပ်မှာ အသင်းဝင်ထားပါသော်လည်း တော်တော်နဲ့ active မဖြစ်ပါဘူး။ စစချင်း used to မဖြစ်သေးတာလည်းပါတယ်။ နောက်ခြောက်လလောက်နေမှ သူငယ်ချင်းရဲ့ သူငယ်ချင်းစာရင်းက တစ်ဆင့် နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ အတန်းဖော်ငယ်သူငယ်ချင်း အိမ်နီးနားချင်းမိတ်ဆွေတွေနဲ့ ပြန်ဆုံတွေ့ပြီးနောက်ပိုင်း မကြာခဏ ၀င်ကြည့်ဖြစ်ရင်းမှပဲ တဖြည်းဖြည်း အကျွမ်းဝင်လာခဲ့ပါတယ်။
ငယ်သူငယ်ချင်းတွေ ပြန်တွေ့လို့က အရင်ဆုံး relationship status ကို ကြည့်ရတာ။ ဘယ်သူကဖြင့် အိမ်ထောင်ကျသွားပြီ။ ဘယ်သူက ကလေးဘယ်နှစ်ယောက်ရနေပြီ။ ဟယ် ... သူက သူ့ရည်းစားနဲ့ မယူဖြစ်ဘဲ တစ်ခြားတစ်ယောက်နဲ့ ရသွားတာ။ အော်... သူက ခုချိန်ထိ အပျိုကြီးပဲ။ ဟိုတစ်ယောက်ကတော့ သူ့ရည်းစားနဲ့ ခုထိ မယူဖြစ်သေးဘူး။ တစ်ယောက်ကဖြင့် ဘယ်နိုင်ငံမှာ ဘယ်လိုအခြေကျနေတာ။ ဟဲ့... သူယောက်ျားက သူ့ထက် အသက်အများကြီး ကြီးတယ် သိလား... စသဖြင့်... တစ်ယောက်နဲ့ အဆက်အသွယ်ပြန်ရတိုင်း ကိုယ်ကကြည့်ပြီး သူငယ်ချင်းတွေကို ပြန်ပြောရသေးတာ။ တစ်ယောက်မင်္ဂလာဆောင်တိုင်း ဓာတ်ပုံတွေကြည့်ရ၊ အားကျရတာလည်း အမော။ ကလေးမွေးတော့လည်း မွေးတဲ့အလျောက် ကြည့်ရသေး။ အဖေတူလား၊ အမေတူလား၊ အသားဖြူသလား၊ ညိုသလား၊ ချောလား၊ ချစ်စရာကောင်းလား... ကိုယ့်မှာ မရှိတော့ သူများကလေးတွေပဲ လိုက်ကြည့်ရတာပေါ့လေ။
နောက်ပိုင်း အပျင်းပြေဆော့စရာ၊ မေးခွန်းဖြေစရာ application တွေ ပေါ်လာတော့ အဲဒီ့နောက် လိုက်သွားမိပြန်ရော။ Quiz တွေ ဖြေကြည့်ရတာ တစ်နေ့တစ်နေ့ မေးခွန်းပေါင်း မနည်းဘူး။ လက်ဆောင်တွေလည်း အပြန်အလှန်ပို့ကြတာ ပျော်စရာတစ်မျိုးပါပဲ။ နောက် သူငယ်ချင်းတစ်ယောက်ပြောလို့ လယ်စိုက်တာ အစွဲကြီးစွဲသွားလို့ တစ်နေ့တစ်နေ့ လယ်စိုက်ရတာ အပြင်မှာ အလုပ်လုပ်ရတာထက်တောင် ပိုပင်ပန်းသေး။ လူ့လောဘကြောက်စရာကောင်းလိုက်ပုံများ တကယ်မဟုတ်တဲ့ ကွန်ပျူတာစကရင်ပေါ်က လယ်ကွက်ကိုတောင် အသာမပေးဘဲ တိုးပွားအောင်၊ အိမ်ကြီးရခိုင် ပိုင်ဆိုင်အောင် ကြိုးစားရိတ်သိမ်းပြီး သူများဆီမှာ သူရင်းငှားတောင် ကျေကျေနပ်နပ် လုပ်လိုက်သေးတာ အံ့ရော။ တစ်ခါကများဆို ပိုက်ဆံတွေအပိုရချင် အိမ်ဝယ်ချင်လွန်းလို့ သူများလယ်အငှားသွားရိတ်တာ နာရီနဲ့ချီအောင် ကြာသွားပြီး ပြန်ထမှ ခါးတွေညောင်း၊ မျက်စိတွေကိုက်ပြီး ဆီးပါအောင့်သွားလို့ ... သြော်... အပြင်မှာ ငါအဲသလောက် အလုပ်ကြိုးစားရင်တော့လား...ဆိုပြီး တွေးလိုက်မိသေး။ ကိုယ်သင်ပေးလိုက်လို့ ကိုယ့်စီနီယာပါ စွဲသွားပြီး နောက်ပိုင်း သူက လယ်စိုက်ရုံတင်မကဘဲ ဆိုင်ဖွင့် ဟင်းချက်၊ အကောင်တွေမွေးနဲ့ ကိုယ့်ထက် သာသွားတယ်။ ကိုယ်က အိမ်တစ်လုံးပိုင်ဆိုင်ပြီးနောက်ပိုင်း ကစားတာတွေ ရပ်လိုက်ပြီး ပုံမှန်ပဲ ဆက်သုံးဖြစ်တယ်။
မွေးနေ့ဆုတောင်းတာ၊ အိမ်တက်ဖိတ်တာ၊ သတင်းတွေ မျှဝေတာ ကိစ္စအတော်များများကို မျက်နှာစာအုပ်ကနေ တွင်တွင်ကျယ်ကျယ် သုံးလာကြတာ။ တစ်ခုခုဆို အရင်တုန်းကလို ဖုန်းမက်ဆေခ်ျ့ကထက် မျက်နှာစာအုပ်ကနေပဲ ဆက်သွယ်ပြောဆိုကြတာ ပိုများတယ်။ ကိုယ်ပျော်နေလား၊ ၀မ်းနည်းနေလား၊ နေမကောင်းဘူးလား၊ စိတ်ဆိုးနေလား၊ ပင်ပန်းနေလား.. ခံစားချက် အကုန်အစုံ လွယ်လွယ်ကူကူ သိမြင်နိုင်တဲ့ နေရာတစ်ခုဖြစ်တော့ တစ်ခုခု ရေးမိလိုက်တယ် ဆိုရင်ပဲ တစ်ယောက်မဟုတ် တစ်ယောက်က လာပြီး မေးမြန်းကြ နှစ်သိမ့်အားပေးကြနဲ့ မျက်နှာစာအုပ်က ကိုယ်တွေရဲ့ daily life မှာ အတော့်ကို အရေးပါလာတာပါလား။
ကိုယ့်မှာရှိတဲ့ သူငယ်ချင်းစာရင်းကြည့်လိုက်ရင် သုံးပုံနှစ်ပုံလောက်က အတန်းဖော်ငယ်သူငယ်ချင်းတွေနဲ့ စင်္ကာပူ ရောက်ပြီးနောက်ပိုင်း ခင်မင်ရတဲ့ သူငယ်ချင်းတွေ များပါတယ်။ Professional အရ ကြည့်လိုက်တော့ ဆရာဝန်တွေ များတယ်။ များဆို အတန်းဖော်သူငယ်ချင်းတွေ တော်တော်များများက ဆေးကျောင်းရောက်ကြတာကိုး။ ကျန်တာတော့ celebrity အနည်းငယ်၊ မိတ်ဆွေတစ်ချို့နဲ့ ဘလော့ဂါမိတ်ဆွေအချို့ပါ။ ကိုယ်က နာမည်ရင်းနဲ့ပဲ ဖွင့်ထားသူဆိုတော့ သိတဲ့သူလည်းသိ၊ မသိသေးတဲ့လူလည်း မသိပေါ့။ သူများတွေက ဘလော့ဂါအနေနဲ့ရော၊ အမည်ရင်းအနေနဲ့ပါ အကောင့်နှစ်ခုတောင် ထားကြတာ။ အမှန်အတိုင်းပြောရရင် ကိုယ်လည်း true identity နဲ့ blogger identity ကို သီးခြားဖြစ်ချင်တာ။ ဘလော့ဂ်နာမည်နဲ့ အကောင့်တစ်ခု ထပ်ယူရင်ကောင်းမလား တွေးမိသေးပေမယ့် နောက်ထပ် handle မလုပ်နိုင်တော့တာ၊ မလုပ်ချင်တော့တာနဲ့ မဖွင့်ဖြစ်တော့ပါဘူး။ တစ်ချို့က ဘလော့ဂ်မှာ စာဆက်မရေး ဖြစ်တော့ပေမယ့် မျက်နှာစာအုပ်မှာ active ဖြစ်နေတော့ အဆက်အသွယ် ပြတ်မနေဘူးပေါ့။
ရုံးပိတ်ရက်ရောက်ရင် ဘယ်သူက ဘာချက်ပြီးကျွေးဦး.. အဲလေ.. တဂ်ဦးမှာလဲ မျှော်ရသေးတယ်။ ဘောလုံးပွဲ ရာသီချိန်မှာတော့ ကိုယ့်အကြိုက် သူ့အကြိုက် အသင်းတွေ အပြန်အလှန် အားပေးကြ၊ ဂျာစီလေးတွေ ၀တ်ကြ၊ နိုင်ရင်ပျော်ကြ၊ ရှုံးရင်ဝမ်းနည်းကြ၊ တောက်တွေခေါက်ကြနဲ့။ ပွဲမစခင်တစ်ခါ၊ ပထမပိုင်းပြီးချိန်တစ်ခါ status ကို ရေးရ တင်ရ update လုပ်ရ။ ပွဲပြီးတာနဲ့ မျက်နှာစာအုပ်ထဲ ချက်ခြင်းဝင်ပြီး ဘယ်လိုဘယ်ဝါ ကိုယ့်အမြင် သူ့အမြင် ဖလှယ်ပြီး ကျေပွဲ၊ မကျေပွဲကို မျက်နှာစာအုပ်မှာ ထပ်နွှဲလိုက်သေးတာ။ နိုင်ငံအသီးသီးက တစ်ချိန်တည်း၊ တပြိုင်နက်တည်း ခံစားချက်တွေ ဖလှယ်ခွင့်ရတာ မျက်နှာစာအုပ်ပေါ်မှာပေါ့။
ညစဉ် ဂျီမေးလ်၊ မျက်နှာစာအုပ်နဲ့ ဘလော့ဂ်မှာအချိန်တွေ ကုန်သွားတတ်တဲ့ ကိုယ့်ကိုယ်ကို ပြန်ပြီးဆင်ခြင်ကြည့်တယ်။ တကယ်ဆို ကိုယ့်မှာ တစ်ခြားလုပ်စရာတွေ ရှိနေတဲ့အထဲကကိုပဲ ဘယ်လိုကနေ ဘယ်လို အဲဒါတွေအတွက် အချိန်ပေးမိနေမှန်း မသိဘူး။ ကိုယ့်အကောင့်ကို deactivate လုပ်လိုက်ရင်ကောင်းမလား စဉ်းစားမိတာ နှစ်ခါမက တော့ဘူး။ ဒါပေမယ့် သူငယ်ချင်းမိတ်ဆွေတွေနဲ့ အဆက်သွယ်မပြတ်ချင်တာ တစ်ခုတည်းကြောင့်ပဲ မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် မျက်နှာစာအုပ်က ကိုယ့်ကို ၀မ်းနည်း စိတ်ညစ်စရာထက် ၀မ်းသာစရာ အမှတ်တရတွေကို ပေးခဲ့တာအမှန်ပါ။ ရှင်သန်နေထိုင်ရာ ဘ၀တစ်ခုအတွက် နေ့စဉ်လှုပ်ရှား ပင်ပန်းနေတဲ့ကြားကပဲ မိတ်ဆွေတွေနဲ့အတူ မျက်နှာစာအုပ်မှာ အတူဝေမျှခံစားခွင့်ရတာကိုက အမောပြေနည်းတစ်ခု မဟုတ်ပါလား။
ချစ်ခင်လေးစားလျက်
ဇွန်မိုးစက်
Posted by
ဇွန်မိုးစက်
|
Posted on
Saturday, July 10, 2010
Category:
Memoirs
,
Tag
မျက်နှာစာအုပ်ကနေ အစ်မသက်ဝေရဲ့ တဂ်ပို့စ်ကြောင့် ကြည်နူးစရာ ပို့စ်အသစ်တွေ ဖတ်ရလို့ ကျေးဇူးတင်ကြောင်း ပြောမိရင်း ကိုယ့်အကြောင်းကို ပြန်စဉ်းစားမိတာလေး အစ်မကို ပြောဖြစ်တော့ တူခဲ့တာ၊ မတူခဲ့တာလေးတွေ စိတ်ထဲမှာ တွေးမိရင် ရေးပေးပါဆိုလို့ နှစ်ခါမတိုက်တွန်းရဘဲ ရေးလိုက်ပြီ။ :D တရားဝင် တဂ်ခံရတဲ့အထဲမှာ မပါလို့ တဂ်ပို့စ်ရယ်လို့တော့ ကျကျနန မသတ်မှတ်လိုက်ပေမယ့် ဇွန်ဖြတ်သန်းခဲ့တဲ့ ဘ၀ရဲ့ သုံးပုံတစ်ပုံက အမှတ်တရလေးတွေ အတွက် အစ်မသက်ဝေဖတ်ဖို့ ရေးပေးလိုက်ပါတယ်။
ဇွန်နဲ့သူ့ကို ရုပ်ချင်းဆင်တယ်လို့ တွေ့တဲ့လူတိုင်းက ပြောကြတယ်။ အသားဖြူ၊ မျက်ခုံးနက်ပြီး (ဟိုတုန်းက) နှစ်ယောက်စလုံး ပိန်ပိန်လေးတွေမို့ မသိတဲ့လူတွေက မောင်နှမလို့ပဲ ထင်ပါတယ်။ မွေးနှစ်၊ မွေးလတူပြီး သူက ၄ ရက်ပဲ ကြီးပေမယ့် အကြီးတစ်ယောက်လို ဇွန့်ကို ပြောဆိုဆက်ဆံတတ်တယ်။ စိတ်ကူးပေါက်ရင် “ကလေး” လို့ ခေါ်တတ်သေးတယ်။ ရာသီခွင်လည်းတူလို့ အချို့စိတ်တွေတူပါတယ်၊ ဥပမာ - အစွဲအလန်းကြီးတာ၊ သံယောဇဉ် ကြီးတာ၊ ငယ်ဘ၀နဲ့ ငယ်သူငယ်ချင်းတွေအကြောင်း အကုန်လုံးနီးပါး မှတ်မိနေတာမျိုး။ ဂျပန်စာ ကြိုက်တတ်တာချင်း တူတယ်။ အထူးသဖြင့် ဆူရှီနဲ့ ဆရှိမိ။ နောက် ဒူးရင်းသီး၊ နှစ်ယောက်စလုံး သိပ်ကြိုက်လို့ လုစားရတယ်။ ရုပ်ရှင်ကြည့်တာ ကြိုက်တာချင်းတူတယ်။ ပြီးတော့ နှစ်ယောက်စလုံး မော်တော်ကားနဲ့ လေကြောင်းလိုင်းတွေကို စိတ်ဝင်စားကြတယ်။ အမှတ်ရဆုံးတူခဲ့တာတော့ မျက်စိပါဝါ။ မျက်စိသွားစစ်တော့ ဘယ်လောက်ထိအောင် တူနေသလဲဆိုရင် ပါဝါမတူတဲ့ ဘယ်၊ ညာနှစ်ဖက်စလုံးက ဒီဂရီတွေ သွားတူနေတာ။ အဲလိုတူတာလေးတွေကို တွေးတွေးပြီး ပီတိဖြစ်ရသေးတယ်။
ဒါပေမယ့် မွေးချင်းတစ်ယောက်တည်းဖြစ်တဲ့သူက အတ္တမာန်မာန အလွန်ကြီးပြီး တစ်ကိုယ်ကောင်းဆန်တယ်။ အားမနာတတ်ဘူး။ ဇွန်က အိမ်မှာ အကြီးပီပီ အနစ်နာခံပြီး သူများအရေးကို ကိုယ့်အရေးထက် ဦးစားပေးတတ်တယ်။ အရမ်းလည်းအားနာတတ်တယ်။ သူက တစ်ယောက်တည်း ကြီးပြင်းလာသူမို့ လူအများကြီးနဲ့ မနေတတ်၊ မပေါင်းတတ်ဘူး။ အားကစားတောင် လူအများကြီးနဲ့ ကစားရတဲ့ပွဲမျိုးကို မကြိုက်တဲ့သူ။ ဘောလုံးပွဲဆို လုံးဝမကြည့်၊ စိတ်မ၀င်စား။ ဇွန်နဲ့လုံးလုံး ဆန့်ကျင်ဘက်ပဲ။ စာဖတ်ဝါသနာပါတာချင်း တူပေမယ့် ဖတ်တဲ့ စာအမျိုးအစား မတူဘူး။ သူက အီလက်ထရောနစ်၊ နည်းပညာနဲ့ ကွန်ပျူတာစာအုပ်တွေ လစဉ်ဝယ်ဖတ်ချိန်မှာ ဇွန်က အပျိုစင်၊ ရွှေအမြူတေနဲ့ ရသစာပေ၀တ္ထုတွေ သဲသဲမဲမဲ ဖတ်နေချိန်ပေါ့။ ဒီက အားလပ်ချိန်မှာ စာတိုပေစ ကဗျာတွေ ရေးဖွဲ့နေတုန်း၊ ကော်ဖီသောက်ပြီး ကွန်ပျူတာတစ်လုံးနဲ့ သူ့အိမ်မှာ ပရိုဂရမ်တွေ ညလုံးပေါက် ထိုင်ရေးနေတာ။ logic သိပ်အားကောင်းတဲ့သူက logic မှာ အားနည်းတဲ့ ဇွန့်ကို ပရောဂျက်တိုင်း ကူရေးပေးရတယ်။ ဉာဏ်သိပ်ကောင်းပြီး အရာရာကို သိလွယ် သဘောပေါက်လွယ်တဲ့ သူက သင်္ချာလည်းတော်တယ်။ ဇွန်က သင်္ချာမညံ့သည့်တိုင် ရှန်းတယ်၊ ပြရင်လည်း ဒက်ခနဲ သဘောမပေါက်ဘူး။ အင်္ဂလိပ်စာကျတော့ သူက reading နဲ့ listening မှာ ဇွန့်ထက် ပိုအားကောင်းပြီး writing နဲ့ speaking ကျတော့ ဇွန်က သာသွားပြန်ရော။ အလုပ်တစ်ခုကို သွေးအေးအေးနဲ့ တိတိကျကျ သေချာတွက်ချက်ပြီးမှ သူလုပ်တတ်ပေမယ့်၊ ဇွန်က သွေးဆူလွယ်ပြီး အလောတကြီးနဲ့ လုပ်တတ်တယ်။
သူ သီချင်းတစ်ပုဒ်ကို ကြိုက်ပြီဆိုရင် ထပ်ပြန်တလဲလဲ အဲဒီတစ်ပုဒ်တည်း နားထောင်တတ်တာ။ ဇွန်က အလွန်ဆုံး ၃ခေါက်ဆို တော်ပြီ။ သူ့အကြိုက်ဆုံးအဆိုတော်က ဇော်ဝင်းထွဋ်၊ ဇွန့်အကြိုက်ဆုံးက ထူးအိမ်သင်။ ဇွန်က အရေခွံလုံးဝမစားသူဖြစ်လို့ ကြက်အရေအခွံသုတ်တို့ ဘဲခြေထောက်တို့ဆို လုစရာမလိုဘဲ သူတစ်ယောက်တည်း အပြည့်အ၀ တီးခွင့်ရသွားတယ်။ အံ့သြစရာကောင်းစွာ သူ့လက်ဖ၀ါးတွေက မိန်းကလေးအရှုံးပေးရလောက်အောင် နူးညံ့နေပြီး ဇွန့်လက်ဖ၀ါးတွေဟာ သာမန်မိန်းကလေးတစ်ယောက်လက်လောက်တောင် နူးညံ့မနေခဲ့ဘူး။ ခရီးတစ်ခု အတူသွားရင် ဟိုတယ်မှာ အေးအေးဆေးဆေး အပန်းဖြေ အနားယူချင်တဲ့သူက နားနားနေနေမနေနိုင်ဘဲ ရောက်တဲ့နေရာ အကုန်လျှောက်သွားချင်တဲ့ ဇွန့်နောက် လိုက်ရရှာတယ်။
ထင်ထင်ရှားရှား ဆန့်ကျင်ဘက်ကတော့ အရောင်ပါ။ ဇွန် လုံးဝမကြိုက်တဲ့ အနီရောင်က သူ့ရဲ့ favourite colour ဖြစ်နေပြီး၊ ဇွန်သိပ်ကြိုက်တဲ့ အစိမ်းရောင်က သူ မကြိုက်ဆုံးအရောင် ဖြစ်နေတာ။
နှစ်ယောက်တစ်ဘ၀ပေါင်းစပ်ဖို့ မမျှော်လင့်ဘဲ ဖူးစာကံ ကုန်ခဲ့လေတော့ တူညီမှု၊ မတူညီမှုတွေ အထူးတလည် ညိုနှိုင်းစရာ မလိုအပ်တော့ပေမယ့် အကြောင်းတိုက်ဆိုင်မှု ရှိလာတဲ့အခါ အမှတ်တရအဖြစ်နဲ့ ရင်ထဲမှာ သတိရနေရင်း...။
ဇွန်မိုးစက်
Posted by
ဇွန်မိုးစက်
|
Posted on
Monday, July 05, 2010
Category:
Sharing
,
Song
ပြီးခဲ့တဲ့ စနေနေ့က Esplanade Theater မှာ လာရောက်ဖျော်ဖြေတဲ့ ABBA Cadabra ကို သွားကြည့်ဖြစ်ပါတယ်။ ကမ္ဘာကျော် ABBA အဖွဲ့ရဲ့ သီချင်းများကို ပြန်လည်သီဆို ဖြေဖျော်တဲ့ပွဲပါ။ အတူနေသူငယ်ချင်းက ကိုယ်နဲ့ ဇူလိုင်လမှာ ကျရောက်တဲ့ နောက်ထပ် သူငယ်ချင်းတစ်ယောက်အတွက်ပါ ပေါင်းပြီး မွေးနေ့လက်ဆောင်အဖြစ် လက်မှတ်ဝယ်ပေး ပါတယ်။ သူလည်း အတူတူကြည့်တာပေါ့လေ။
ဒုတိယအကြိမ်မြောက် Esplanade မှာ ကြည့်ဖြစ်ခြင်းပါ။ မနှစ်က အောက်တိုဘာမှာ သူငယ်ချင်းရဲ့ မွေးနေ့လက်ဆောင်အဖြစ် အကပွဲတစ်ပွဲအတွက် လက်မှတ်ဝယ်ပေးရင်း ပထမဆုံးအကြိမ်အဖြစ် Esplanade Theater ထဲမှာ ကြည့်ဖူးသွားပါတယ်။ တကယ်ဆို ကြည့်ချင်တဲ့ပွဲတွေက အများကြီးပါ။ တီဗွီမှာကြော်ငြာလာတိုင်း ဟိုပွဲလည်းကြည့်ချင် ဒီပွဲဆိုလည်းကြည့်ချင်နဲ့ ခဏခဏမကြည့်ဖြစ်တောင် တစ်နှစ်ကို တစ်ပွဲလောက်တော့ ကြည့်ရအောင်ဆိုပြီး နှစ်ယောက်သား သံဓိဋ္ဌာန် ချထားပါတယ်။
ငယ်ငယ်လေးကတည်းက အရင်ဆုံးရင်းနှီးခဲ့တဲ့ အင်္ဂလိပ်သီချင်းဟာ ABBA ရဲ့သီချင်းတွေဆို မမှားပါဘူး။ အဖေရော အမေပါ သိပ်ကြိုက်ကြလို့ အိမ်မှာခဏခဏ ဖွင့်နားထောင်ဖြစ်ပါတယ်။ ၁၉၈၃ နှစ်မှာ အဖွဲ့ဝင်တွေ လမ်းခွဲပြီးနောက်ပိုင်း ဖျော်ဖြေမှုတွေ မပြုလုပ်တော့တာ ခုချိန်ထိပါပဲ။ ခုလို သူတို့သီချင်းတွေကို ပြန်လည်သီဆို ဖြေဖျော်ပေးနိုင်တဲ့ အဖွဲ့ပေါ်လာတော့ ABBA ပရိတ်သတ်အကြိုက် ဖြစ်သွားပါတယ်။
ABBA Cadabra ဟာ ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့ကနေ ABBA သီချင်းများကို ကမ္ဘာအနှံ့ လှည့်လည်ဖြေဖျော် အောင်မြင်နေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။ စင်္ကာပူမလာခင်က အင်ဒိုနီးရှားနိုင်ငံ ဘာလီမှာ ဖျော်ဖြေခဲ့ကြပါတယ်။ အရင်နှစ်ကလည်း မလေးရှားနိုင်ငံရဲ့ဘုရင်နဲ့မိဖုရား၊ တော်ဝင်မိသားစုဝင်များနဲ့ ၀န်ကြီးချုပ်တို့အတွက် အထူး ဖျော်ဖြေခွင့်ရခဲ့ပါတယ်။ စင်္ကာပူနိုင်ငံကိုတော့ ပထမဆုံးအကြိမ်အဖြစ် လာရောက်သီဆို ဖျော်ဖြေခြင်းပါ။
မူရင်းသီဆိုသူများ မဟုတ်သည့်တိုင် မူရင်းသီချင်းများကို နားထောင်ရသလိုပဲ အဆိုသိပ်ကောင်းကြပါတယ်။ မူရင်းအဖွဲ့လိုပဲ လေးယောက်ပါဝင်ပြီး၊ dancer နှစ်ယောက်၊ violinist တစ်ယောက်တို့က တီးဝိုင်းနဲ့အတူ အားဖြည့်ပေးထားပါတယ်။ ABBA ရဲ့ အောင်မြင်ကျော်ကြား လူကြိုက်များတဲ့ သီချင်းပေါင်း နှစ်ဆယ်ခန့်ကို နှစ်နာရီ(ကျော်)ကြာ အားပါးတရ သီဆို ဖျော်ဖြေသွားကြပါတယ်။ သီချင်းလိုက်ဆိုရင်း ကလို့လည်းရအောင် စင်အောက်နားမှာ နေရာလွတ်ထားပေးပါတယ်။ အဖြူသုံးလေးယောက်ကတော့ သီချင်းလိုက်ဆိုပြီး ထွက်ကကြပါတယ်။
“Mamma Mia” သီချင်းနဲ့ စဖွင့်ပြီး “Thank you for The Music” နဲ့ အဆုံးသတ်ပါတယ်။ ပရိတ်သတ်တွေလည်း ပွဲပြီးသွားတဲ့အထိ လက်ခုပ်သံမစဲ တသဲသဲအားပေးကြပါတယ်။ အားလုံးက ပြီးသွားပြီထင်နေဆဲ ABBA Cadabra အဖွဲ့ စင်ပေါ်ကိုတစ်ခေါက် ပြန်လာပြီး ပရိတ်သတ်အားလုံးကို မတ်တပ်ထခိုင်း၊ သူတို့နဲ့အတူ လိုက်ဆိုလိုက်ကခိုင်းပါတယ်။ အားလုံးကလည်း တညီတညွတ်တည်း မတ်တပ်ရပ်၊ လက်ခုပ်တွေတီးပြီး ကိုယ်တွေယိမ်းလို့ တပျော်တပါး လိုက်ဆိုကကြပါတယ်။ Dancing Queen နဲ့ Mamma Mia ကို တစ်ခေါက်စီထပ်ဆိုပေးသွားပြီး ပွဲစဉ်ကို အဆုံးသတ်ပါတယ်။ သိပ်ပျော်ခဲ့ရတဲ့ ABBA Cadabra Night လို့ ဆိုပါရစေ။
သီဆိုပေးသွားတဲ့ သီချင်းများကတော့
Mamma Mia
Dancing Queen
Knowing Me Knowing You
Money Money Money
S.O.S
Voulez Vous
Fernando
Take a Chance On me
Gimme! Gimme! Gimme!
I Have A Dream
Lay all your Love On Me
I do I do I do
Super Trouper
Chiquititia
Honey Honey
The Name of the Game
Does Your Mother Know
The Winner Takes It All
Waterloo နဲ့
Thank You for The Music တို့ ဖြစ်ပါတယ်။
နောက်တစ်ကြိမ်
ABBA Cadabra အဖွဲ့ စင်္ကာပူကို ထပ်လာဖြစ်ခဲ့ရင် ABBA ပရိတ်သတ်များ သွားကြည့်ကြပါလို့ ဘလော့ဂ်ကနေ တိုက်တွန်းလိုက်ပါတယ်။း)
ဇွန်မိုးစက်